ရှိမ်းမကား (သို့မဟုတ်) မင်းတုန်းမင်း၏ ကျောင်းတော် (ရွှေဘို အပိုင်း ၃)

03 June 2017
ရှိမ်းမကား (သို့မဟုတ်) မင်းတုန်းမင်း၏ ကျောင်းတော် (ရွှေဘို အပိုင်း ၃)

ရတနာပုံခေတ်ကို လမ်းမျှော်ကြည့်ဖို့အတွက် မန္တလေးအပြင် နေရာတစ်ခု ရှိနေပါတယ်။ မင်းဝံတောင်တန်းကြီးကို အမှီပြုပြီး ဧရာဝတီမြစ်ကမ်းပေါ်ကို မေးတင်ထားတဲ့ ရွာလေးမှာ ရတနာပုံခေတ် လက်ရာတွေက ခမ်းနားလို့ပါ။ ဒီနေရာကို ရှိမ်းမကားလို့ အမည်တွင်ပါတယ်။ ဂမ္ဘိရဆန်ဆန် နန်းဆန်ဆန် နာမည်တစ်ခုက စိတ်ဝင်စားမှုကို ပိုစေပါတယ်။ ဒါ့အပြင် စုံထောက်ကြီး ဦးစံရှားရဲ့ ဝထ္တုတစ်ချို့ကလည်း ဒီနေရာမှာ ဇတ်အိမ်တည်ခဲ့ပါသေးတယ်။

ရှိမ်းမကား ရွာက စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲမှာရှိနေတာပါ။ ရွှေဘိုမြို့ အရှေ့တောင်ဘက် မိုင် (၃၀) လောက်အကွာမှာ ရှိနေပါတယ်။ စစ်ကိုင်းက သွားမယ်ဆိုရင်တော့ ကောင်းမှုတော် ဘုရားအနီးက စစ်ကိုင်း ရွှေဘို ခရိုင်းချင်းဆက် လမ်းပေါ်တတ်ရမှာပါ။ အဲဒီလမ်းအတိုင်းလာလို့ (၂၆) မိုင်အရောက်မှာ ရှိမ်းမကားလမ်းခွဲရှိပါတယ်။ လမ်းခွဲအတိုင်း အနည်းငယ်လောက် ထပ်သွားရင် ရှိမ်းမကားရွာကို ရောက်ပါပြီ။ ရှိမ်းမကားရွာကို ဝက်လက်မြို့ကနေလည်း သွားနိုင်ပါသေးတယ်။

ဝက်လက်မြို့က ရှိမ်းမကားနဲ့ အနီးဆုံးဖြစ်ပြီး (၁၄) မိုင်သွားရပါတယ်။ ဒီ ရှိမ်းမကားရွာလေးမှာဆိုရင် မင်းတုန်းမင်းကိုယ်တိုင် စာချွန်တော်ထုတ်ပြီးတော့ သတ်မှတ်ပေးခဲ့တဲ့ ဘေးမဲ့ ဥယျာဉ်တော်ကြီး ရှိပါတယ်။ ရွှေဘိုကျောက်မြောင်းအတိုင်း လာမယ်ဆိုရင်တော့ ၁၄ မိုင်လောက်အရောက်မှာ စစ်ကိုင်းဘက်ကိုသွားတဲ့ ခရိုင်ချင်းဆက်လမ်းမကြီး ရှိပါတယ်။ ဒီလမ်းမကြီးအတိုင်း သွားမယ်ဆိုရင်တော့ ရှိမ်းမကားရွာလေးထဲကို ဝင်တဲ့ လမ်းခွဲလေးကို တွေ့ရမှာပါ့။

အခုသွားနေတဲ့ ခရိုင်ချင်းဆက်လမ်းက ကားအသွားအလာကျဲသလို တချို့နေရာတွေမှာလည်း လမ်းတွေ ပျက်နေပါတယ်။ သတိထားပြီးမောင်းရတဲ့ နေရာတစ်ချို့လည်း ရှိပါတယ်။

ရှုခင်းတွေကတော့ အညာဒေသမို့ တမျိုးလှနေပါတယ်။ တစ်ဖက်က မင်းဝံတောင်တန်း တစ်ဖက်က မြေပြန့်ဒေသပါ။ လမ်းတလျှောက်မှာတော့ သစ်ပင်ကြီးရယ်လို့ မတွေ့ရပါဘူး။

စစ်ကိုင်းဘက်ကိုသွားတဲ့ ခရိုင်ချင်းဆက် လမ်းမကြီးကနေ နည်းနည်းလေး ခွဲဆင်းလာလို့ရှိရင်  ရှိမ်းမကားရွာရဲ့ အစကို ရောက်ပါပြီ။ ရှိမ်းမကားရွာလေးကို ရောက်ဖို့ဆိုရင်တော့ ဒီလမ်းလေးအတိုင်း ဆက်သွားရမှာပါ။ ဘေးမဲ့တောထဲမှာရှိတဲ့ တောရကြီးကျောင်းကို ရောက်ဖို့ဆိုရင်တော့ ၁၀ မိနစ်လောက် ဆက်သွားရဦးမယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအချိန်က ရာသီဥတုကလည်းကောင်း ရှုခင်းလေးကလည်း သာယာတာကြောင့် ခရီးသွားတွေလည်း တွေ့ရပါတယ်။ တချိုကဆိုရင် မန္တလေးဘက်ကနေ ဆိုင်ကယ်တွေနဲ့ ဆင်းလာကြတယ်လို့လည်း ပြောပါတယ်။ 

မင်းဝံတောင်တန်းကြီးရဲ့ အရှေ့ဘက်ဆင်ခြေလျော၊ ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပေါ်မှာ တည်ရှိနေတဲ့ ရှိမ်းမကားရွာက မြို့တစ်မြို့လို စည်ကားပါတယ်။ ကုန်းလမ်းရော ရေလမ်းပါ   ကောင်းမွန်တဲ့အတွက်လည်း အနီးအနားရွာတွေက ရှိမ်းမကားကို အားထားနေရပါတယ်။

ဒီရှိမ်းမကားဒေသဟာ အလောင်းမင်းတရားလက်ထက်က ရွှေဘိုတောင်လက်အဖြစ် မြင်းတပ်သားတွေ စုဆောင်းတဲ့နေရာလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်အတွင်း နယ်ပိုင်ဝန်ထောက်လည်း ရုံးစိုက်ခဲ့ပါသေးတယ်။

ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ စည်ပင်သာယာဈေးမှာ ဒေသကထွက်ကုန်တွေသာမက အနယ်နယ်အရပ်ရပ်က ထွက်ကုန်တွေကိုပါ ရောင်းချကြပါတယ်။

ရှိမ်းမကား မုန့်တီ၊ ရှိမ်းမကားခေါက်ဆွဲ့နဲ့ မလိုင်ပေါက်စီတွေက ဒီရွာရဲ့ နာမည်ကြီး အစားအစာတွေလို့ ဒေသခံတွေက ပြောကြလို့ ရောက်ရင် စားခဲ့ကြဖို့ မမေ့ပါနဲ့နော်။

ရှိမ်းမကားရွာမှာ ထူးခြားချက်တွေရှိနေပါတယ်။ ဒီထူးခြားချက်တွေကပဲ ရှိမ်းမကားရွာကို ထင်ရှားစေတာလို့ ဆိုကြပါတယ်။ ရတာပုံခေတ်လက်ရာတွေကို လေ့လာနိုင်မဲ့ဲ့ အုတ်ကျောင်းတော်တွေ။   နှစ်ပေါင်းတစ်ရာကျော် တည်တံခဲ့တဲ့ ဘေးမဲ့တောကြီး။ တောအုပ်အလယ်က ဘိုးရ ိုးဆောင်းတန်း...ဒါတွေက ထိန်းသိမ်းစောင့်ရှောက်ရမယ့် သမိုင်းအမွေအနှစ်တွေပါ။

၃၃၄ ဧက ကျယ်တဲ့ ဒီတောကြီးက ရတနာပုံခေတ်၊ ပြီးတော့ကိုလိုနီခေတ်ကနေ ဒီနေ့ထိ ခေတ်အဆက်ဆက် ဘေးမဲ့တောဖြစ်ခဲ့တာပါ။ တောရကြီးကျောင်းတိုက်ကတော့ ရှိမ်းမကားဒေသရဲ့ ဗုဒ္ဓသာသနာ ထွန်းကားခဲ့ပုံကို သက်သေခံနေတဲ့ ပြယုဒ်တစ်ခုလို့ ဆိုရမှာပါ။

ရွာရဲ့ တောင်ဘက် မြေသားလမ်းအတိုင်း ကုန်းမြင့်ပြေပြေကိုကျော်ခဲ့ရင် ရှိမ်းမကားဘေးမဲ့တောရဲ့ နယ်နိမ်တ် စတင်ပါတယ်။ အုံးမှိုင်းသစ်ပင်တွေက ဆောင်တွင်းအခါမို့   ခြောက်သွေ့နေပေမယ့်   ဘေးမဲ့တောကြီးထဲကို ဝင်လာရင် အညာဒေသကို ခဏမေ့နေမှာပါ။

ဒီတောကြီးကိုတော့ သက္ကရာဇ် ၁၂၂၄ ခုနှစ်မှာ မင်းတုန်းမင်းတရားကြီးက မူလဘူတ ရွှေကျင်ဆရာတော်ကြီးအတွက် လျူဒါန်းခဲ့တာဖြစ်ပြီး တောကြီးအတွင်းက ဆရာတော်ကြီး သီတင်းသုံးနေထိုင်ခဲ့တဲ့   တောရကြီးကျောင်းမှာလည်း ကျောင်းဆောင်တွေ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။

ဘိုရိုးကျောက်လမ်းနဲ့ ကပ်ပြီးတော့  ကားလမ်းကို ဖောက်ထားတာပါ။

ရှိမ်းမကားရွာဇာတိဖြစ်တဲ့ ဦးရိုးက မူလဘူတရွှေကျင်ဆရာတော်ကြီး ဆွမ်းခံကြွဖို့ ရှိမ်းမကားရွာထိတစ်မိုင်နဲ့ ငါးရယ်ရွာထိ တစ်မိုင်ကို လမ်းအကျယ် (၅)ပေနဲ့ ကိုယ်တိုင်ကိုယ်ကျခင်းခဲ့တာပါ။ အခုချိန်ထိ ဘိုးရိုးကျောက်လမ်းရယ်လို့လည်း အမည်တွင်နေဆဲပါ။

ဒါ့အပြင် ဆရာတော်ကြီးရဲ့ ကျောင်းတော်အထိ ပေ(၃၀၀) ကျော်ရှည်တဲ့ အုတ်ဆောင်းတန်းတစ်ခုကို လည်း လျူဒါန်းခဲ့ပါသေးတယ်။ အခုလို လှူဒါန်းခဲ့တာကို မင်းတုန်းမင်းကြီး ကြားသိတော်မှုတဲ့အတွက် ဦးရိုးကို ဘေးမဲ့တောအုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။

အခု ကျွန်မတို့ရောက်နေတဲ့ သစ်သားကျောင်းကြီးက အရင်တုန်းက မင်းတုန်းမင်းကြီး လှူခဲ့တဲ့ သစ်သားကျောင်းဆောင်ကြီးရဲ့ နေရာပါ။

“ဘုန်းဘုန်းဘုရား တပည့်တော်တို့ လေ့လာခဲ့တဲ့ ဒီ တောရသစ်သားကျောင်းနဲ့ ပတ်သက်ပြီတော့ မင်းတုန်းမင်းတရားကြီးက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။ အဲတော့ အရင်ခေတ်က လှူဒါန်းခဲ့တဲ့ ကျောင်းတိုက်ကြီးနဲ့ ပြီးတော့ အခု လက်ကျန်အနေအထားလေးတွေကို တပည့်တော်တို့ကို မိန့်ကြားပေးပါဦးဘုရား။”

ဦးဇနက (ကျောင်းထိုင်ဆရာတော်)

တောဂကြီးကျောင်းတိုက်၊ ရှိမ်းမကား။

ဘုန်းဘုန်းတို့ မန္တလေးမြို့က ၁၂၂၁ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ဒီကျောင်းတိုက်ကြီးနဲ့ ဘေးမဲ့တောကြီးကို ၁၂၂၄ ခုနှစ်မှာ မင်းတုန်းမင်းတရားကြီက လှူဒါန်းထားခဲ့တယ်။ ဒီ ရွှေကျင်ဆရာတော်ကြီးက ဒီကျောင်းမှာ အဲဒီတုန်းက မင်တုန်းမင်းကြီးက လှူဒါန်းသွားတဲ့ ကျောင်းတိုက်ကြီးဖြစ်ပါတယ်။ အုတ်တိုင်များလည်း ကျန်သေးတယ်။ နေရာထိုင်ခင်းများလည်း မူလပုံစံအတိုင်း နေရာလည်းရှိတယ်။ မင်းတုန်းမင်းကြီး လှူဒါန်းသွားတဲ့ ကျောင်းတိုက်ကြီးကတော့ မရှိတော့ဘူး။ အဲဒီနေရာမှာပဲ ဘုန်းကြီးတို့ ဆက်လက်ပြီးတော့ မင်းတုန်းမင်းလှူဒါန်းထားတဲ့ ပွတ်လုံးတွေ အားလုံး ကျန်ရှိနေတာဖြစ်တယ်။ ကျန်တဲ့ ရှေ့ဟောင်းပစ္စည်းတွေလည်းပဲ ကျန်ရှိနေသေးတယ်။ မင်းတုန်းမင်းကြီး လှူဒါန်းထားခဲ့တဲ့ စာချွန်လွှာလည်းပဲ ရှိတယ်။ သီပေါမင်း လှူဒါန်းထားတဲ့ခဲ့ စာချွန်လွှာတွေလည်း ရှိတယ်။ ပြီးတော့ ဗြိတိသျှအစိုးရ လှူဒါန်းထားခဲ့တဲ့ စာချွန်တော်တွေလည်းရှိတယ်။ ရှိမ်းမကားမျိုးဆက် လှူဒါန်းထားခဲ့တဲ့ စာချွန်တော်တွေလည်းရှိတယ်။ အဲဒါ ဘုန်းကြီးတို့ ဆက်လက်ပြီးတော့ ဒီတောကြီးရော ဒီကျောင်းတော်ကြီးရော မပျက်စီးရေးအတွက် ဘုန်းကြီးတို့ သတ္တမမြောက် ဘုန်းကြီးအနေနဲ့ အားလုံးပဲ စောင့်ရှောက်ထားတာဖြစ်ပါတယ်။

“တင်ပါ့ဘုရား ဒီစာချွန်တော်လေးတွေကိုလည်း တပည့်တော်တို့ကို လေ့လာခွင့် ပြုပါဘုရား။ ”

လေ့လာလို့ရပါတယ်။ ဘုန်းကြီးက အကုန်လုံး ခွင့်ပြုပါတယ်။

ဒီကျောင်းဆောင်ကြီး ဆောက်လုပ်လျူဒါန်းစဉ်ကတည်းက ပါဝင်ခဲ့တဲ့ ပစ္စည်းအချို့လည်း ကျန်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။ ဒီပစ္စည်းတွေကနေ ကုန်းဘောင်ခေတ်နှောင်းပိုင်းက လက်ရာတွေကို ကျွန်မတို့ ကြည့်ခွင့်ရကြအုံးမှာပါ။

တောရကြီး ကျောင်းတိုက်အတွင်းမှာတော့ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့တဲ့ ရှေးဟောင်းအုတ်ကျောင်းတော်တွေကို လက်ရာမပျက် တွေ့နိုင်သလို ရတနာပုံခေတ် အင်္ဂတေပန်းတမော့ လက်ရာ၊ နံရံဆေးရေး ပန်ချီတွေကိုလည်း လေ့လာရပါတယ်။ လှေကားမြင့်မြင့် ထူထူကြီးတွေနဲ့ နှစ်ထပ်အုတ်ကျောင်းဆောင်တွေက ခမ်းနားလို့ နေပါတယ်။

ကွေ့ကောက်စီးဆင်းတဲ့ ဧရာဝတီက ဒီနေရာမှာ မြစ်ပြင်ကျယ်လို့ သောင်တွေထွန်းနေတယ်။ မြစ်လယ်ကျွန်းတွေပေါ်မှာတော့ မြေပဲ ခင်းတွေက စိမ်းစိုနေပါတယ်။ သစ်ပင်တွေကြားက ထုံးဖြူဖြူစောင်းတန်းတွေနဲ့ မြစ်ဆိပ်ဆီသွားတဲ့လမ်းကလည်း လွမ်းမောစရာပါ။

ဒီနေရာမှာတော့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကိုတော့ ဧရာဝတီမြစ်က ပိုင်းခြားပါတယ်။ ဟိုဘက်ကမ်းက မန္တလေးတိုင်း မတ္တရာမြို့နယ်ဖြစ်ပါတယ်။ ထီးထီးကြီးထွက်နေတဲ့ တောင်တွေက စကျင်ကျောက်တောင်တွေပါ။ တစ်နိုင်ငံလုံးအတွက် စကျင်ကျောက်တွေ ထုတ်ပေးတဲ့ နေရာလဲ ဖြစ်ပါတယ်။ ဧရာဝတီမြစ် ကမ်းနဖူးက ဘုရားတွေ၊ ကျောင်းဆောင်တွေနဲ့ စိုက်ခင်းတွေ..ဟိုဘက်ကမ်းက စကျင်ကျောင်တောင်တွေရဲ့ မြင်ကွင်းတွေက ဒီနေရာ ဒီဒေသမှာသာ တွေ့ရမဲ့ သဘာဝအလှတွေပါ။

ကျွန်မတို့ ရှိမ်းမကားကပြန်တော့ နေတောင် အတောင်စောင်းနေပါပြီ။ ဘုန်းဘုန်းကတော့ ဒီမှာပဲတည်းလို့ရတယ်လို့ မိန့်ပါတယ်။ ရှိမ်းမကား ရွာထဲမှာ စားရေးသောက်ရေးအတွက် ဆိုင်တွေလည်း ရှိနေပါတယ်။ ဒါပေမယ့် ကျွန်မတို့ Tasty Trip အဖွဲ့ကတော့ ဦးအောင်ဇေယျရဲ့ မုဆိုးဖိုရွာလေးကနေ အခရိုင်မြို့အထိ တိုးတတ်စည်ကားနေတဲ့ ရွှေဘိုမြို့ အထိ ခရီးဆက်ကြရအုံးမှာပါ။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://mizzimaburmese.com/article/27144

အပိုင်း ( ၂ )ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/27426

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly