ရွှေတိဂုံစေတီပေါ်တွင် ဒရုန်းမောင်းနှင်သော မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အရေးယူမည်

ရွှေတိဂုံစေတီပေါ်တွင် ဒရုန်းမောင်းနှင်သော မြန်မာနိုင်ငံသားများကို ဥပဒေနှင့်အရေးယူမည်
ဓာတ်ပုံ - ဟောင်ဆာ (ရာမည)

ရန်ကုန်၊ဇွန်၃ ။                  ။ ရွှေတိဂုံစေတီတော်၏ ကောင်းကင်ပြင်တွင် ဒရုန်းကို မကောင်းသည့်ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသားများ မောင်းနှင်ပျံသန်းပါက ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကပြောသည်။

 “ ရည်ရွယ်ချက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်မယ် သို့သော် မြန်မာနိုင်ငံသားလည်း ဖြစ်မယ်ဆိုရင်တော့ ဥပဒေအရဆိုရင် အမှုဖွင့်တာတွေ တရားစွဲတာတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်ခင်ဗျ ။ ဥပဒေ ထုတ်ထားတာဖြစ်တဲ့အတွက်"ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက မဇ္ဈိမကို ပြောသည်။

ရွှေတိဂုံစေတီတော်၌ ဒရုန်းလွှတ်မောင်းနှင်သူများတွင် မြန်မာနိုင်ငံသားများထက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပိုမိုများပြားသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက စတင်ကာ ဒရုန်းမပျံသန်းရဒေသန္တရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး သေချာမသိရှိသေးသည့် နိုင်ငံခြားသားများအတွက် ဒရုန်းကိုသာ သိမ်းဆည်းမည်ဟု သိရကာ အရေးယူမှု ပြုလုပ်မည်မဟုတ်ကြောင်းသိရသည်။

"အဓိကက အခုနောက်ပိုင်းလွှတ်နေတာက နိုင်ငံခြားသားတွေ ဖြစ်နေပါတယ်။ နိုင်ငံခြားသားတွေ စပြီးတော့ ဒီနောက်ပိုင်း ၂၀၁၅ အမိန့်ထုတ်ပြီးနောက်ပိုင်းမှာ ပြန်ပေးဖို့ အစီစဉ်မရှိတော့ပါဘူး ။ အရေးယူဖို့ပဲရှိတယ် ။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မသိလို့ ဓာတ်ပုံဘာညာရိုက်ချင်လို့ ဆိုတဲ့ ဒီရည်ရွယ်ချက်နဲ့လုပ်တာဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကတော့ ဒရုန်းကိုသိမ်းထားလိုက်တယ် တရားစွဲတာတွေဘာတွေ ဆက်မလုပ်ဘူး” ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဆိုသည်။

သို့သော် ရွှေတိဂုံစေတီတော်ပေါ်တွင် ပျံသန်းသည့် မည်သည့်ဒရုန်းမဆို ဒရုန်းပစ်သေနတ်ဖြင့် ဖမ်းဆီးပစ်ချလျက် ရှိနေပြီး ဒရုန်းများ သိမ်းဆည်းကာ သာသနာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်နှံသည်ဟု သိရသည်။  

ဖမ်းဆီးသိမ်းဆည်းထားသော ဒရုန်းများအနက်  ပထမအသုတ် ဒရုန်းခြောက်စီးကို သာသနာရေးဝန်ကြီးဌာနသို့ လွဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ပြီး ထပ်မံဖမ်းမိသော ဒရုန်းများကို သာသနာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။ လတ်တလော တွင် ဖမ်းဆီးထိန်းသိမ်းထားသည့်ဒရုန်း သုံးစီးရှိနေသည်ဟု ဇွန်လ ၃ ရက်က သိရသည်။

ရွှေတိဂုံစေတီတော်ပေါ်သို့ ဒရုန်းလွှတ်တင်မောင်းနှင်ခြင်းကို ၂၀၁၂-၁၃ခုနှစ်ကတည်းက စတင်တားမြစ်ပြီး အဆိုပါကာလကို သတိပေးကာလအဖြစ်သတ်မှတ်ထားခဲပြီး ၂၀၁၅ခုနှစ်တွင်   ရွှေတိဂုံစေတီတော်၏ ဝေဟင်တွင် ဒရုန်းလုံးဝ မပျံသန်းဖို့ ဒေသန္တရ အမိန့်ထုတ်ခဲ့သည်။ အဆိုပါအမိန့်ထုတ်ချိန်မှစတင်ကာ သိမ်းဆည်းရရှိသည့် ဒရုန်းများကို ပြန်လည်ပေးအပ်မှု မပြုတော့ခြင်းဖြစ်သည်ဟု ရွှေတိဂုံစေတီဂေါပကအဖွဲ့ရုံးမှ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly