မုံရွာစည်ပင် အမှိုက်ပစ်ရန် နေရာရှာနေရ

မုံရွာစည်ပင် အမှိုက်ပစ်ရန် နေရာရှာနေရ
 မုံရွာမြို့၊ ချမ်းမြဝတီရပ် ရှိ အမှိုက်ပုံအား မေ ၂၄ ရက်နေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ-မာန်ဇာမြေမွန်)

မုံရွာ၊ ဇွန် ၂ ။             ။ မုံရွာမြို့တွင် အမှိုက်ပစ်ရန် အခက်အခဲ ဖြစ်ပေါ်နေသောကြောင့် အမှိုက်ပစ်ရန် နေရာရှာဖွေနေရကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောသည်။

ယခင်က အမှိုက်ပစ်နေသော ချမ်းမြဝတီရပ်ကွက်ရှိ အမှိုက်ကျင်းသည် မေလအတွင်းက မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံများမှ ဆက်လက်အမှိုက်ပစ်ရန် လက်မခံတော့သဖြင့်  နေရာသစ် ရှာဖွေနေရကြောင်း သိရသည်။

"လက်ရှိတော့ ဆည်ပေါက်ကွင်းဘက်မှာ ပစ်နေရတယ်၊ မြို့နဲ့က ဝေးလွန်းတော့ အခေါက်ရေ နည်းသွားတာပေါ့။ ဒါ့ကြောင့်မို့ နေရာအသစ်တွေထပ်ရှာနေရတယ်။" ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကျော်မျိုးဝင်းက မဇ္ဈိမသို့ ပြောသည်။

မုံရွာမြို့နယ်စည်ပင်သာယာမှ ခိုးသန်းရွာဘက်တွင်လည် မြေ ၁၀ ဧကအား ဝယ်ယူထားပြီး အမှိုက်ကားသွားလာရန်အတွက် လမ်းပြင်နေကြောင်း၊ကျင်းတူးကာ အမှိုက်ပစ်ပြီးပါက မြေဖို့သည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မုံရွာမြို့တွက် နေ့စဉ်အမှိုက်ထွက်ရှိမှုမှာ တန် ၁၂၀ ခန့်ရှိပြီး အမှိုက်သယ်ယာဉ် ၂၇ စီးနှင့် အမှိုက်ကန် အတင်အချ ပြုလုပ်ရန်ယာဉ် ၃ စီးတို့ဖြင့် ဆောင်ရွက်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly