မုတ္တမဟိုးဒင်း(စ)လီမိတက်က မင်္ဂလာဒုံနှင့် လှိုင်သာယာမြို့နယ်တို့တွင် တန်ဘိုးသင့်တင့်အိမ်ရာများတည်ဆောက်မည်

မုတ္တမဟိုးဒင်း(စ)လီမိတက်က မင်္ဂလာဒုံနှင့် လှိုင်သာယာမြို့နယ်တို့တွင် တန်ဘိုးသင့်တင့်အိမ်ရာများတည်ဆောက်မည်

ပြည်တွင်းရှိဆောက်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ဟိုတယ်လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံမှုပြုထားသော မုတ္တမဟိုးဒင်း(စ) လီမိတက်သည် ရန်ကုန်တိုင်းဒေသကြီးရှိ မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် တန်ဘိုးသင့်တင့်အိမ်ရာစီမံကိန်း ၂ ခုကို အကောင်အထည်ဖော်တည်ဆောက်သွားရန်ရှိနေကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရောင်ဟိုက မဇ္ဈိမကို ပြောသည်။

“မင်္ဂလာဒုံမှာ ဆောက်မှာက တန်ဖိုးအသင့်အတင့်၊ လှိုင်သာယာမှာ ဆောက်မှာကလည်း တန်ဘိုးအသင့်အတင့်။ ဒါပေမယ့် ဒီမြေတွေက စက်မှုလက်မှုမြေဖြစ်တာကြောင့် အစိုးရဆီကနေ   တောင်းဆိုတဲ့အခါမှာ ကျွန်တော်တို့ကို တန်ဖိုးနည်းအိမ်ရာ ၂၅ ရာခိုင်နှုန်း ဆောက်ပေးရမယ်လို့ အရင်အစိုးရက ခွင့်ပြုခဲ့တယ်။ လက်ရှိအစိုးရက ညှိတာမပြီးသေးဘူး” ဟု ဦးရောင်ဟိုက ဆိုသည်။

အကျယ်အဝန်းအားဖြင့် မင်္ဂလာဒုံမြို့နယ် တန်ဘိုးသင့်အိမ်ရာစီမံကိန်းတွင် မြေအကျယ် ၂၃ ဧက၊ လှိုင်သာယာမြို့တွင် မြေအကျယ် ၂၄ ဧကတို့အပေါ်တွင် တည်ဆောက်မည်ဖြစ်ကာ စီမံကိန်းတစ်ခုချင်းစီတွင် အထပ်အမြင့် ၁၂ ထပ်ခန့် ရှိမည်ဟု မုတ္တမဟိုးဒင်း(စ)လီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးရောင်ဟိုက ခန့်မှန်းပြောဆိုထားသည်။

အခန်းအရေအတွက်အားဖြင့်…“အခန်းဘယ်လောက် ပါဝင်မယ်ဆိုတာကတော့ အစိုးရရဲ့ Policy ကို သိမှ ဒီဇိုင်းပြန်ထုတ်လို့ရမယ်” ဟု ဦးရောင်ဟိုက ပြောသည်။

လက်ရှိအချိန်တွင် မုတ္တမဟိုးဒင်း(စ)လီမိတက်အနေနှင့် စင်ကာပူနိုင်ငံဆောက်လုပ်ရေးကုမ္ပဏီ Oxley Holdings Limited နှင့် အကျိုးတူပူးပေါင်းကာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၅၀ခန့် တန်ကြေးရှိသည့် အဆင့်မြင့်စုပေါင်းအိမ်ရာတစ်ခုကို ယခုနှစ်အတွင်း တည်ဆောက်သွားရန်ရှိနေသည်။

သို့ရာတွင် ကုမ္ပဏီ ၂ ခု အနေနှင့် တန်ဘိုးနည်း၊ တန်ဘိုးသင့်တင့်အိမ်ရာများကို အကျိုးတူတည်ဆောက်သွားမည် မဟုတ်ဘဲ မုတ္တမဟိုးဒင်း(စ)လီမိတက်ကသာ ၎င်းတို့၏ကုမ္ပဏီပိုင်မြေတွင် တန်ဘိုးသင့်တင့်အိမ်ရာများကို ဆောက်လုပ် သွားမည်ဖြစ်သည်။

“ကျွန်တော်တို့က ဒီကုမ္ပဏီ ၂ ခုစလုံးကို အများကြီး ပေါင်းပြီးလုပ်ထားတာမဟုတ်ဘူး၊ Project အလိုက်ပဲ လုပ်သွားမှာ။ ကျွန်တော်တို့ အဆင်ပြေတဲ့ လုပ်ငန်းတွေရှိသွားလို့ ရှိရင် အမြဲတမ်း Project အလိုက်ပဲ လုပ်သွားမှာ။ တစ်ခါတည်း ဘယ်လောက်ရင်းမယ်ဆိုပြီး ကျွန်တော်တို့ မလုပ်ထားဖူး” ဟု ဦးရောင်ဟိုက ရှင်းပြသည်။

မုတ္တမဟိုးဒင်း(စ)အနေနှင့် ကုမ္ပဏီအုပ်စုတစ်ခုလုံး၏ အောက်တွင် Grand Yangon၊ M-Sa စသည့် အများပိုင်ကုမ္ပဏီ ၂ခုကို ဖွဲ့စည်းထားကာ နောက်ထပ်အများပိုင်ကုမ္ပဏီ ၁ ခုကို ထပ်မံ တည်ထောင်သွားရန် ရှိနေကြောင်းသိရသည်။

အဆိုပါ အများပိုင်ကုမ္ပဏီ ၃ ခုကို ရန်ကုန်စတော့အိတ်ချိန်းတွင် အဆင့်လိုက် စာရင်းတင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်ခုချင်း တစ်ခုချင်းသွားမယ်၊ ဒါပေမယ့် Mottama Holdings သည် ရင်းနှီးမြှုပ်နှံမှု မလုပ်ဖူး။ ဒါပေမယ့် သူကနေ ဦးဆောင်သွားပြီးတော့ ပြည်သူလူထုကို IPO ခေါ်သွားပြီးတော့ လုပ်သွားဖို့ ရှိပါတယ်” ဟု ဦးရောင်ဟိုက အရိပ်အမြွတ်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly