"NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ်"

"NCA ဘောင်ထဲမှာပဲ ပိတ်မိမနေဖို့ လိုပါတယ်"
ဓာတ်ပုံ - ရန်ကုန်မြို့အခြေစိုက် Institute for Strategy and Policy – Myanmar အဖွဲ့ရဲ့ သုတေသီ ဒေါ်ဆုမွန်သဇင်အောင်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ပြည်တွင်းငြိမ်းချမ်းရေး အတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် မှတ်ယူမယ်ဆိုရင် ပဋိပက္ခလျှော့ချရေးမှာ ရှေ့တိုးနိုင် ဖို့ မသေချာဘူးလို့  Institute for Strategy and Policy – Myanmar အဖွဲ့မှ သုတေသီ ဒေါ်ဆုမွန်သဇင်အောင်က ပြောပါတယ်။

မကြာသေးခင်က အစိုးရရဲ့ ဖိတ်ကြားချက်အရ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ပြီး ပါဝင် သင့် ပါဝင်ထိုက်သူအစုအဖွဲ့၊ စီးပွားရေးကဏ္ဍမှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းရာမှာ ဒေါ်ဆုမွန်သဇင်အောင်က NCA စာချုပ်ရဲ့ အနေအထား၊ လက်နက်ကိုင် အဖွဲ့များနဲ့ စေ့စပ်ညှိနှိုင်းရေး အခြေအနေတွေအကြောင်း ပြောပြထားပါတယ်။

မေး - ပထမပင်လုံနဲ့ ဒုတိယပင်လုံကြားမှာ ဘာတွေများ ပြောင်းလဲထူးခြားမှု ရှိသလဲ။

ဖြေ - ရည်ရွယ်ချက်နဲ့ ကျင်းပပုံကွာခြားတာကို တွေ့ရပါတယ်။ ပထမအကြိမ် ပင်လုံညီလာခံက အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးသာပဓာနဆိုတဲ့မူကို ထင်ဟပ်ပြသတယ်။ ရက်တစ်ရာအတွင်း ကျင်းပဖို့ ကြိုးစားခဲ့ပေမဲ့အကြောင်း အမျိုးမျိုးကြောင့် လေးလကျော်မှ ကျင်းပနိုင်ခဲ့တယ်။ အဓိကရည်ရွယ်ချက် ကတော လွန်ခဲ့တဲ့ ၅ နှစ်က စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အစိုးရသစ်အတွက်လည်း အရေး ကြီးတဲ့ မဟာဗျူဟာမူဝါဒ ဖြစ်တယ်ဆိုတာကို ပြည်သူကို ချပြတဲ့ပွဲဖြစ်တယ်။

ကျင်းပခဲ့တဲ့ ပုံစံကတော့ NCA ကို ဆက်လက်ကျင့်သုံးမယ်။ ဒါပေမယ့် တခြားလမ်းကြောင်း ရှိနိုင်တယ်ဆိုတာကို ပြင်းပြင်းထန်ထန် ငြင်းဆိုတာ မတွေ့ရခဲ့ဘူး။ ဘာလို့လဲဆိုတော့ လက်မှတ်ထိုး ထားသော အဖွဲ့များသာမက မထိုးရသေးသော အဖွဲ့တွေကပါ အဆိုပြုချက်တွေ စုစုပေါင်း ၇၂ စောင် တင်နိုင်ခဲ့တယ်။

ဒုတိယအကြိမ် ပင်လုံညီလာခံကတော့ ယခင်အစိုးရလက်ထက်က အတည်ပြုခဲ့တဲ့ အပစ်အ ခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ အချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပြန်ချိတ်ဆက်တဲ့သဘောကို တွေ့ရပါတယ်။ ယခင် အစိုးရလက်ထက် လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ ရှိပါတယ်။ နိုင်ငံရေးမူ ဘောင်အရ ထိုးထားတဲ့အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို NLD အစိုးရလက်ထက်မှာ တချို့ဒေ သတွေမှာ ကျင်းပခဲ့တယ်။ ဒီနိုင်ငံရေးဆွေးနွေးပွဲတွေက ရလဒ်တွေကို အခုဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးတယ်။ NCA စာချုပ်ပါပုဒ်မ၂ဝ(ဃ)အရ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း”ဆိုတာကို ဒီဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံက အကောင်အထည်ဖော်ပါ တယ်။ ကျင်းပတဲ့ပုံစံကတော့ အရင်တခေါက်ကနဲ့မတူဘဲ NCA အရ ဆက်လက်ဆောင်ရွက်တဲ့ ပွဲဖြစ်လို့  NCA လက်မှတ်ထိုးထားသူများသာ ညီလာခံမှာ ကိုယ်စားလှယ်များအဖြစ် ပါဝင်ဆွေးနွေးခွင့် ရပါတယ်။ မထိုးရသေးတဲ့အဖွဲ့များကတော့ ဆွေးနွေးခွင့် မရပါဘူး။

မေး - ငြိမ်းချမ်းရေးရဖို့အတွက် NCA ဟာ ဘယ်လောက်အထိအ ရေးပါနေတယ်လို့ ယူဆပါ သလဲ။

ဖြေ - အစိုးရရဲ့ ငြိမ်းချမ်းရေးမူဝါဒဟာ လူထုကို လတ်တလောသက်ရောက်စေတဲ့ အချက် ၂ ချက် ရှိပါတယ်။ ပထမအချက်ကတော့ အစိုးရနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံရေးပါ။ မထိုးရသေးသူတွေနဲ့ လက်မှတ်ထိုးနိုင်မလား။ စစ်ပွဲတွေရပ်စေနိုင်မလားပေါ့။ ဒုတိယအချက်ကတော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အစိုးရရဲ့ ဆက်ဆံရေးပါ။ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး၊ ကြားကာလအစီအစဉ်တွေ အလျင်အမြန် အကောင်ထည်ဖော်နိုင်ရေး NCA ပါအချက်တွေကို ဘယ်လောက်ထိ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်သလဲပေါ့။ အဲဒီနှစ်ချက်လုံးကို အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ NCA အပေါ် ထားတဲ့သဘောထားဟာ အင်မတန် အရေးကြီးပါတယ်။

လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို ထိုးဖြစ်အောင်လုပ်ဖို့က NCA ဟာ ထွက်ပေါက်မရှိတဲ့ လမ်းကြောင်း မဖြစ်ဖို့လိုပါတယ်။၂ဝ၁၁ နောက်ပိုင်း ဆွေးနွေးပွဲတွေမှာ တပ်မတော်က ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ကို လက်ကိုင်ထားခဲ့တယ်။ NCA လက်မှတ်ထိုးပြီးတဲ့အခါ တပ်မတော်က ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်အပြင် NCA ကိုပါ အထိုင်ထားပြီး ဆွေးနွေးပါတယ်။ NCA ကိုလည်း ပြင်ဆင်ဖို့ သိပ်မရှိ ဘူးလို့ ပြောပါတယ်။ ဒါက တပ်မတော်ရဲ့ ရပ်တည်ချက်ပါ။

တစ်ဘက်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေထဲမှာ လက်မှတ်ထိုးနိုင်ချေရှိခဲ့တဲ့ UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)မှာ ပါဝင်တဲ့ အချို့အဖွဲ့တွေ ရှိသလို၊ ထိုးနိုင်ချေနည်းတဲ့ မြောက်ပိုင်းအဖွဲ့တွေလည်း ရှိပါတယ်။ထိုးနိုင်ချေရှိခဲ့တဲ့ UNFC အချို့အဖွဲ့တွေက တော့ ညှိနှိုင်းမှုတွေ လုပ်ဖို့လိုသေးတယ်။ NCA ကိုတိုက်ရိုက်မထိုးသေးခင် ဖြစ်နိုင်ချေရှိခဲ့တဲ့ လမ်းကြောင်းကတော့  Deed Of Commitment (ကတိကဝတ်) လိုမျိုးအရင်ထိုးထားမယ်၊ ပြီးမှ NCA ထိုးမယ်ပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်ခုလုံး မထိုးဖြစ်သေးဘူး၊ ဒီပွဲကိုလည်း တက်ရောက်ခြင်း မရှိဘူးပေါ့။

မြောက်ပိုင်း ၇ ဖွဲ့ကတော့ ဒီပွဲကို လေ့လာသူအဖြစ် တက်ရောက်ပေမယ့် ဒီညီလာခံ ကျင်းပနေ စဉ်အတွင်းမှာပဲ NCA ကို လက်မှတ်ထိုးဖို့ မဖြစ်နိုင်ဘူးလို့ သူတို့ရဲ့ရပ်တည်ချက်တွေကို အတိအလင်း ပြောကြားသွားတယ်။ NCA အပြင် တခြားနည်းလမ်းတစ်ခုကို လိုလားတယ်ပေါ့။ ဒီအဖွဲ့ ၇ ဖွဲ့ဆိုတာ ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ တရုတ်-မြန်မာ နယ်နိမိတ်ဒေသမှာ လွှမ်းမိုးမှုရှိတဲ့၊ လက်နက်အင် အား တောင့်တင်းတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ NCA လမ်းကြောင်းအရအကောင်ဖော်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဒီအဖွဲ့တွေ မပါဝင်တဲ့အတွက်  မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာရှိနေတဲ့ ပဋိပက္ခကို လျှော့ချ ပေးနိုင်ချေ နည်းပါလိမ့်မယ်။ ဒီအခြေအနေတွေကြောင့် အစိုးရအနေနဲ့လည်း NCA ဟာ ပြည်တွင်းငြိမ်း ချမ်းရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းအနေနဲ့ မှတ်ယူမယ်ဆိုရင် ပဋိပက္ခ လျှော့ချရေးမှာ ရှေ့တိုးနိုင်ဖို့မသေချာပါဘူး။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြားမှာ နှစ်ဘက်စလုံး ဖြစ်စေ၊ တစ်ဘက်ဘက်ကဖြစ်စေ အလျှော့အတင်းကို ပြုလုပ်မှရမယ့်သဘော ဖြစ်နေတာပေါ့။ ဒါ့ကြောင့် အစိုးရအနေနဲ့ ကစားသမားတစ်ယောက်အဖြစ် တစ်ဘက်ဘက်က ဝင်ရောက်ပါဝင်တာ ထက် ဒီအင်အားစုတွေကြားမှာ ဒိုင်တစ်ဦးအဖြစ် ပြေလည်နိုင်မယ့်မျှခြေ အဖြေတစ်ခုကို ဘယ်လို ရှာပေးနိုင်မလဲဆိုတာ အရေးကြီးပါတယ်။

အစိုးရနဲ့ လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ ဆက်ဆံရေးဟာ NCA ဆိုတဲ့ အင်စတီကျူးရှင်းအ ပေါ် မူတည်ထားတာပါ။ NCA အင်စတီကျူးရှင်းအသက်ဝင်ဖို့ NCA မှာပါတဲ့ အချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ထိုးထားသူများ NCA အပေါ် ပိုမို သက်ဝင် ယုံကြည်လာနိုင်ပါ့မယ်။ စာချုပ်အရ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေက နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပနိုင်တယ်ဆိုပေမဲ့ လက်တွေ့မှာ အချို့ဒေသတွေမှာ ကျင်းပဖို့ ခက်ခဲနေဆဲပါ။ NCA အခန်း ၆ ပုဒ်မ ၂၅ မှာ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနေစဉ်မှာ ဆောင်ရွက်ရမည့် ကြားကာလ အစီအစဉ်တွေကို လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ကြန့်ကြာမှုတွေ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် ဒေသခံပြည်သူတွေမှာ NCA ရဲ့ လက်တလောအကျိုးခံစားခွင့်တွေ့ ပြည့်ပြည့်ဝဝ မတွေ့ရှိ သေးပါဘူး။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်အရ ညီလာခံကျင်းပရာမှာ အောက်ခြေကတက်လာတာကို ထင်ဟပ်တာထက် ဗဟိုချုပ်ကိုင်မှုများနေတယ်ဆိုတာတွေ ကိုယ်စားလှယ်တွေဆီက ကြားရပါတယ်။ ဒါ့ကြောင့် ဒီညီလာခံအပြီးမှာတော့ NCA လမ်းကြောင်းမှာ ချထားတဲ့ မူတွေနဲ့ လက်တွေ့ အကောင် ထည်ဖော်ရာမှာ ကွာခြားချက်တွေ၊ နည်းနာဆိုင်ရာ အခက်ခဲတွေကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။

မေး - ညီလာခံမှာ ကဏ္ဍအလိုက်၊ ခေါင်းစဉ်အလိုက် ဆွေးနွေးတာဆိုတော့ အားလုံးပါဝင် ဆွေးနွေးဖို့ အခွင့်အရေးရော ရှိပါသလား။

ဖြေ - အားလုံးပါဝင်ဆွေးနွေးနိုင်ရေးဆိုတာ မူအားဖြင့် မှန်ကန်ပါတယ်။ လက်တွေ့မှာ ပထမဆုံး အကြိမ် အကောင်ထည်ဖော်တာဖြစ်လို့ အကန့်အသတ်များ ရှိပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေက ရလာတဲ့ အချက် ၄၁ ချက်ပေါ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေအတွက် ကဏ္ဍတွေ ၅ ခုခွဲပြီး ဆွေးနွေးရပါတယ်။ ဆွေးနွေးချိန် စုစုပေါင်း ၉ နာရီသာ ရှိပါတယ်။ ကဏ္ဍတစ်ခုမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်မှတ်ထိုးထား တဲ့ EAOs၊ တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ် အနည်းဆုံး ၁ဝဝ ကျော်ပါတယ်။ အချက် ၁ ချက်ကို ဆွေးနွေးရာမှာ တစ်ကြိမ်မှာ အစုအဖွဲ့တစ်ခုစီမှ ၅ မိနစ်ထက်မပိုဘဲ ဆွေးနွေးရတဲ့အတွက် အစုအဖွဲ့ ၅ ခုနဲ့ တစ်ကြိမ် ပြည့်ဖို့အနည်းဆုံး၂၅ မိနစ်မှ ၃၅ မိနစ်ဝန်းကျင်ကြာပါတယ်။ အဲဒီတော့ ကိုယ့်အစုအဖွဲ့က တစ်ယောက်က ပြောပြီးရင်က ိုယ့်အလှည့် ရောက်ဖို့ နောက်ထပ် မိနစ် ၃ဝ လောက်စောင့်ရပါတယ်။ မရောက်ခင်မှာ ဆွေးနွေးချက်က ပြီးသွားပြီ။ နောက်တစ်ချက်ကိုရောက်သွားတာ ရှိပါတယ်။ အဲဒါကြောင့် အကြောင်းအရာဆွေးနွေးချက်ကို ဘယ်လောက်ကြေလည်တယ်ဆိုတာထက်၊ ဘယ်လောက်မြန်မြန် ပြီးမလဲကြည့်ရတဲ့သဘော ဖြစ်နေပါတယ်။ အချိန်အကန့်အသတ် ပေးထားချက် ကြောင့် တက်ရောက်တဲ့သူအကုန်အားလုံး ပါဝင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ပါဝင်ဆွေးနွေးတဲ့ သူတွေကလည်း ၅ မိနစ်အတွင်း ကိုယ့်ရပ်တည်ချက် Position ကိုလုပြီး ပြောရတဲ့အတွက် အပြန်အ လှန် ညှိနှိုင်းလို့ရတဲ့ အခင်းအကျင်းတော့ မဟုတ်ပါဘူး။ ဆွေးနွေးချက်တွေကို ပြန်စုစီးပြီး အစုအဖွဲ့တွေ မှာ ဆုံးဖြတ်ချက်ချတာထက် UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ) အစည်းအဝေးကိုပဲ ပြန်တင်ရပါတယ်။ နောက်ဆုံးမှာတော့ UPDJC ရဲ့ အဆုံးအဖြတ်ပေါ်မှာသာ မူတည်တာပါ။

မေး - ညီလာခံမှာ တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှု၊ မျှော်လင့်ချက်တွေဟာ ဘာဖြစ်နိုင်ပါသလဲ။

ဖြေ - NLD အစိုးရဟာ နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံးတက်လာတဲ့ အရပ်သားအစိုးရ ဖြစ်တယ်။ ဒါ့ကြောင့် အရင်အစိုးရတွေနဲ့တော့ မတူဘဲ NLD အစိုးရဟာ တပ်မတော်နဲ့ တိုင်ရင်းသား တွေကြားမှာ နှစ်ဘက်စလုံး လက်ခံနိုင်မယ့် အခြေအနေရောက်အောင် ပြေပြေလည်လည် ညှိနှိုင်း ပေးနိုင်မယ့် အခင်းအကျင်းတစ်ခုကို မျှော်လင့်တယ်။ တစ်ဖက်မှာလည်း တပ်မတော်နဲ့ ဘက်တူရပ်ပြီး နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ မဟာမိတ်ဖြစ်သူ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို အလေးမ ထားတာကို စိုးရိမ်တယ်လို့ ထင်ပါတယ်။

မေး - တချို့တိုင်းရင်းသားခေါင်းဆောင်တွေကNCA ကိုပြုလွယ်ပြောင်းလွယ် ဖြစ်ရမယ်လို့ ပြောနေတာကိုဘယ်လို မြင်ပါသလဲ။

ဖြေ - မထိုးရသေးတဲ့ EAOs တွေက လက်မှတ်မထိုးပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပ နိုင်ခွင့် ရှိဖို့တောင်းဆိုခဲ့ပါတယ်။ မြောက်ပိုင်း၇ဖွဲ့ကတော့ NCA  ဆိုတာကို ထားပြီး အခြားသဘောတူ ညီချက်တစ်ခု ပြုလုပ်နိုင်ဖို့ တောင်းဆိုနေကြပါတယ်။ကျွန်မသဘောကတော့ NCA ကဥပဒေမ ဟုတ်ပါဘူး၊ စာချုပ်တစ်ခုပါ။ NCA မှာ ပြင်ဆင်ချက် အခန်းမပါရှိပါဘူး။ အဲဒီအတွက်စာချုပ်ကို ပြင်ဆင် တာ လက်တလောအခြေအနေမှာ မလွယ်ကူနိုင်ဘူး ထင်ပါတယ်။ဒါပေမယ့် NCA က ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကိုတော့ ပြင်ဆင်မယ်ဆိုအခန်း(၁ဝ) အပိုဒ် (၁၇)အရ ပြင်ဆင်နိုင်ပါတယ်။

ကျွန်မအမြင်ကတော့ NCA ဟာ ရောဂါအားလုံးအတွက် တစ်ခုတည်းသော ပျောက်စေဆေးအဖြစ် မဟုတ်ဘဲ ရောဂါတော်တော်များများ သက်သာရာ ရှာနိုင်တဲ့ ဆေးတစ်မယ်အဖြစ် မှတ်ယူပါတယ်။ အခြားရောဂါတွေ သက်သာစေမယ့် ဆေးတွေ ရှိနိုင်ပါသေးတယ်။ NCA ဆေးကြောင့် လေးဖြစ်စေနိုင် တာကို သတိပြုရပါမယ်။ကျွန်မတို့ အဓိကအလိုရှိတာစစ်ပွဲတွေချုပ်ငြိမ်းဖို့၊နိုင်ငံရေးအဖြေရဖို့ပါ၊ NCA ဘောင်ထဲမှာပဲပိတ်မိမနေဖို့လိုပါတယ်။ NCA လမ်းကြောင်းကိုပိုမိုထင်ရှားစေချင်လို့ NCA ပါနိုင်ငံရေး လမ်းပြမြေပုံပါအချက်တွေကို တစ်ဆင့်မပြီးခင် နောက်တစ်ဆင့် အဆောတလျင် အကောင်အထည် ဖော်မယ်ဆိုရင် အားလုံးပါဝင်တဲ့ နိုင်ငံရေးအဖြေရဖို့ဆိုတာ လက်တွေ့မှာ မနီးစပ်နိုင်သေးပါဘူး။

မေး - နိုင်ငံရေးသုတေသနလုပ်ငန်းတွေမှာအမျိုးသမီးတစ်ယောက်အတွက် အခက်အခဲ၊ စိန်ခေါ်ချက်တွေရှိပါသလား။

ဖြေ -ရှိပါတယ်လို့ ပြောရမှာပါ။ တန်းတူဆက်ဆံခံရဖို့ ကြိုးစားရပါတယ်။ လူအချင်းချင်း မိတ်ဆက်တဲ့နေရာမှာ နိုင်ငံတကာမှာတော့ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ ကျားမမခွဲခြားဘဲ၊ တန်းတူ လုပ်ဖော်ကိုင်ဖက်လို သဘောထားတယ်ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်မသုတေသနလုပ်ငန်းခွင်မှာ အမျိုးသားအများစုက အချင်းချင်းမိတ်ဆက်ရင် လက်ဆွဲနှုတ်ဆက်ကြပေမဲ့ ကျွန်မကိုတော့ အမျိုးသမီး ဖြစ်လို့ လက်ဆွဲနှုတ်ဆက်တာမျိုးကို ရှောင်ပါတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်များကိုတော့ “ဆရာ” လို့ အလွယ်တကူ ခေါ်ကြပေမဲ့ ကျွန်မကိုတော့ “ဆရာမ”လို့မခေါ်ပဲ “ညီမ”လို့ ခေါ်ကြတာရှိပါတယ်။ အချို့ဒေသတွေကို သုတေသနကိစ္စအတွက် ခရီးသွားမယ်ဆိုရင် မိန်းကလေးဖြစ်လို့ လုံခြုံရေးအရ မသွားခဲ့ရတာတွေ ရှိပါတယ်။ ဒါကအရှိတရားပါ။

မြန်မာနိုင်ငံမှာရှိနေတဲ့ အလုပ်လုပ်တဲ့ အမျိုးသမီးတွေတော်တော်များများအတွက် ဒီပြဿနာ တွေက အထူးအဆန်းမဟုတ်တော့ပါဘူး ထင်ပါတယ်။ အဲဒီတော့ အမျိုးသမီးများဟာ အမျိုးသားများ တဲ့ တန်းတူဖြစ်တယ်ဆိုတာကို လက်ခံစေချင်တယ်ဆိုရင် အမျိုးသမီးများအတွက်ပေးတဲ့ အခွင့်ထူးခံ ရရှိရေးထက်စာရင် ကိုယ်လုပ်တဲ့အလုပ်မှာ အမျိုးသားများနဲ့တန်းတူ အကောင်းဆုံးကြိုးစားဖို့ လိုပါမယ် လို့ ထင်ပါတယ်။ အမျိုးသမီးတွေအတွက် လုပ်ပိုင်ခွင့် စွမ်းပကား အပ်နှင်းဖို့ အမျိုးသမီးတွေ ကိုယ်တိုင် က ပဲစတင်ရမှာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly