သာကေတရှိ နေအိမ်တွင် ဒဏ်ရာများဖြင့် အလောင်းနှစ်လောင်းတွေ့ရှိခဲ့မှုအား စီအိုင်ဒီမှ စစ်ဆေးနေ

သာကေတရှိ နေအိမ်တွင် ဒဏ်ရာများဖြင့် အလောင်းနှစ်လောင်းတွေ့ရှိခဲ့မှုအား စီအိုင်ဒီမှ စစ်ဆေးနေ

ရန်ကုန်၊ ဇွန်လ ၁ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁ဝ တောင်ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်း၊ မြရည်နန္ဒာအိမ်ရာ ခြံအမှတ် ၈ နေအိမ်အတွင်း ဇွန်လ ၁ဝ ရက်၊ နံနက် ၁ဝ နာရီခန့်က ဒဏ်ရာများဖြင့် အလောင်းနှစ်လောင်း တွေ့ရှိခဲ့သဖြင့် စီအိုင်ဒီ (CID) မှ လာရောက်စစ်ဆေးလျက်ရှိသည်။

အဆိုပါ သေဆုံးသူများမှာ ဇနီးမောင်နှံများဖြစ်ပြီး အသက် ၃ဝ ကျော်အရွယ် မခိုင်စံပါယ်နှင်းအောင်ဆိုသူ မြန်မာအမျိုးသမီးနှင့် အသက် ၄ဝ ကျော်အရွယ် ဗစ်တာရာ့ဂျ်ဆိုသူ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ဖြစ်ကာ ယင်းနေအိမ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာနှင့် စီအိုင်ဒီ(CID)တို့မှ အမှုဖြစ် စဉ်အား လာရောက်စစ်ဆေးနေခြင်း ဖြစ်သည်။

သေဆုံးသူနှစ်ဦးစလုံးမှာ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး အမျိုးသားကို နေအိမ်အပေါ်ထပ်တွင် တွေ့ရှိခဲ့ကာ အမျိုးသမီးကို နေအိမ်အောက်ထပ်အိပ်ရာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်   တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ အခင်းဖြစ်ပွားသည့်နေအိမ်တွင် အိမ်ဖော်နှစ်ဦး၊ ခြံစောင့်တစ်ဦးနှင့်အတူနေထိုင်ကာ အဆို အိမ်ကို ငှားရမ်းနေထိုင်သည်မှာ   လေးလခန့်သာ ရှိသေးကြောင်း သာကေတမြို့နယ်၊ ၁၃ ရပ်ကွက်မှ ရာအိမ်မှူး ဦးတင်လှက ပြောသည်။

အမှုဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ထုတ်ပြန်ပေးခြင်းမရှိသေးဘဲ သေဆုံးသူနှစ်ဦး၏ အလောင်းများကို စီအိုင်ဒီမှ စစ်ချက်ယူပြီး လက်ရှိတွင် ရွှေသန်လျင်နာရေးကူညီမှုအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နေ့လည် ၂ နာရီတွင် သယ်ဆောင်သွားပြီ ဖြစ်သည်။

အဆိုပါ သေဆုံးသူအမျိုးသမီးနှင့် ခင်ပွန်းတို့သည် J & V Catering Service အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်တဲ့လုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ပြီး ၎င်းတို့သေဆုံးမှုအတွက်ဝမ်းနည်းကြောင်း လူအများက ဆိုရှယ်မီဒီယာတွင် ဇွန်လ ၁ ရက်နေ့တွင် ရေးသားထားကြကြောင်း တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly