စိုက်ပျိုးရေးဌာနကို တောင်သူတို့ အားကိုးကြပါ (ကျောက်ဆည်အမတ်နဲ့ အင်တာဗျူး)

စိုက်ပျိုးရေးဌာနကို တောင်သူတို့ အားကိုးကြပါ (ကျောက်ဆည်အမတ်နဲ့ အင်တာဗျူး)

ကျောက်ဆည် (Myanmar Now) ။            ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က တောင်သူတွေကို စိုက်ပျိုး ရေးဌာနရဲ့ အကူအညီယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ စိုက်ပျိုးရေးဌာနအနေနဲ့လည်း နေရာအနံှ့ လိုက်လံပညာပေးဖို့ လိုအပ်တယ်လို့ ကျောက်ဆည်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်အမတ် ဦးရဲမင်းထွန်းကဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းMyanmar Now နဲ့ တွေ့ဆုံရာမှာ ဦးရဲမင်းထွန်းက အပူပိုင်းဒေသရာသီ ဥတုအပြောင်းအလဲ၊ စိုက်ပျိုးရေးထွက်ကုန် ပြည်ပဈေးကွက် ရောက်ရှိရေး၊ စိုက်ပျိုးရေးပညာပေးမှု အခြေအနေတွေအကြောင်း ပြောပြထားပါတယ်။

မေး - ဒေသတွင်း စိုက်ပျိုးရေးအခြေအနေက အရင်နှစ်တွေနဲ့ ဘာကွာခြားလဲ။

ဖြေ - အရင်နှစ်တွေမှာမိုးခေါင်တဲ့အတွက် မိုးကြိုစပါး(နွေစပါး)လည်းစိုက်လို့မရဘူး။ နှမ်းကိုပဲ အဓိက စိုက်ကြရတယ်။ ဒီနှစ်တော့ မိုးကဧပြီလမှာ ၇ ရက်လောက်ရွာတယ်။ အဲ့ဒီမှာအောက်ချိုင့်ကျတဲ့ လယ်တွေမှာ နှမ်းတွေပျက်စီးသွားတယ်။ ကျွန်တော်တို့နယ်က နှမ်းစိုက်ဧကရဲ့ သုံးပုံတစ်ပုံလောက် ပျက်စီးတာ။

မေး - ဒီဒေသရဲ့ ရာသီဥတု အပြောင်းအလဲ ဘယ်လိုရှိလာပြီလဲ။

ဖြေ - ၂ဝ၁ဝကစပြီးတော့ မိုးခေါင်လာတယ်။ မိုးခေါင်ပြီးဆည်ရေကလည်း ရေနည်းပြီး ရေမပေးနိုင်တော့ တောင်သူတွေက စပါးလည်းစိုက်မရဘဲ ဆည်ရေနဲ့ဝေးတဲ့နေရာတွေက လယ်တွေကို ဘာမှ မစိုက်ဘဲ လှပ်ထားလိုက်ကြရတယ်။ ရေလွယ်တဲ့နေရာတွေမှာတော့ နှမ်းစိုက်ကြရော။ မိုးက ခေါင်တဲ့အတွက် နှမ်းတွေပျက်တာ သိပ်မဖြစ်ဘူး။ နှမ်းရဲ့သဘောသဘာဝက မိုးဆက်တိုက်ကြီးရွာတာ မကြိုက်တာ။ မိုးရွာလိုက်၊ နေပြန်ပူလိုက်၊တစ်ပတ်လောက်နေမှ မိုးပြန်ရွာလိုက် ဆိုရင် နှမ်းအတွက် အကောင်းဆုံးပဲ။ ထွက်နှုန်းကိုက ၂ ဆလောက်အထိတက်လာတယ်။ ဒါပေမယ့် ရေဝပ်ရင် နှမ်းက မကြိုက်ဘူး။ တစ်ရက်လောက်ရေဝပ်လိုက်တာနဲ့ကို နှမ်းကပျက်တာ။ လွန်ခဲ့တဲ့ ၇ နှစ်လောက် ကတည်းက ဆည်ရေကိုများများမပေးနိုင်ခဲ့တော့ ဒီနှစ်လည်း ရေမမှန်ပါဘူးဆိုပြီး   တောင်သူတွေက   နှမ်းပဲစိုက်ကြရော။ နောက် ကျွန်တော်တို့နယ်က ငပြောင်ဆည်ဟာ ဆည်ပြင်နေတာနဲ့ရေကို အချိန်မီ မပေးလိုက်နိုင်တဲ့အတွက် တောင်သူတွေအတွက် ပျိုးထောင်ရေမရတော့ဘူး။ ဒါနဲ့တောင်သူတွေက   နှမ်းပဲစိုက်လိုက်ကြပြန်ရော။ ချိုင့်ကျတဲ့နေရာတွေကမိုးကြိုစပါးမစိုက်လိုက်နိုင်တော့ဘူး။ ပျိုးထောင်ရေ သာအချိန်မီရရင် ချိုင့်ကျတဲ့နေရာတွေမှာ စပါးပဲစိုက်မှာ။ ဒီနှစ်မိုးနဲ့ဆိုစပါးသာစိုက်နိုင်ခဲ့ရင် တကယ် ကောင်းမှာ။

မေး - နှမ်းကို ဘယ်လိုစိုက်နည်းတွေသုံးပြီး စိုက်ကြပါသလဲ။

ဖြေ - အမှန်ကစိုက်နည်း ၃ မျိုးရှိတာ။ ဘောင်နဲ့စိုက်သူတွေက နနွင်းနဲ့နှမ်းကို ရောစိုက်ကြတာ။ နှမ်းကမတ်လလောက်ဆို အပင်ပေါက်ပြီး ဇွန်လလောက်ဆို ရိတ်ကြပြီ။ အဲ့ဒီမှာဇူလိုင်လဆို နနွင်းက အပင်ပေါ်လာပြီ။ နောက်နှစ်ဖေဖော်ဝါရီဆို နနွင်းကိုဖော်လို့ရပြီ။ နောက်တစ်မျိုးက စိုက်ပျိုးရေးဌာနက သုသေသနတွေပါ လုပ်ထားတဲ့ စိုက်တန်းနဲ့စိုက်တာ။ နှမ်းတွေကအတန်းလိုက် ညီညီညာညာနဲ့ စိုက်တာမျိုး။ တချို့တောင်သူတွေကဒီလိုပဲပက်ကြဲပြီးစိုက်လိုက်ကြတာ။ အဲ့ဒီတော့ နှမ်းခင်းမှာအပင် ထူတာ၊ အပင်ပါးတွေဖြစ်ကုန်ရော။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းကစိုက်တန်းနဲ့ တော်တော်များ များ စိုက်လာပြီးသား။ တောင်သူတွေမှာစိုက်ပျိုးနည်းပညာမသိတာမဟုတ်ဘူး၊သိနေကြပြီးသား။ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်တုန်းကတော့ ကျွန်တော်တို့ကျောက်ဆည် တစ်ခရိုင်လုံးက ကြဲစိုက်တာ။   နောက်ပိုင်းမှ အထွက်ပိုကောင်းတဲ့ စိုက်တန်းနည်းကို စိုက်လာတာ။ တောင်သူတွေဟာ ကိုယ့်နားပတ် ဝန်းကျင်က စိုက်ကြသူတွေရဲ့ စနစ်ကိုအတုခိုးနေကျပဲ။ ကိုယ့်နားမှာ စိုက်တန်းနဲ့စိုက်လို့ အထွက် ကောင်းတယ်ဟေ့ဆိုရင် တခြားသူတွေလည်းလိုက်အတုခိုးတာပဲ။ အဲ့ဒီလိုလူတွေအတွက် ကျွန်တော် တို့အနေနဲ့ ပညာပေးဖို့တော့ လိုမယ်ထင်တယ်။သူတို့ရွာမှာတစ်ဦး၊ နှစ်ဦးလောက် လုပ်ပြလိုက်ရင် တခြားသူတွေလည်းလိုက်လုပ်လာကြမှာပဲ။

မေး - စိုက်ပျိုးရေးဌာနရဲ့ ပညာပေးမှု မပျံ့နှံ့သေးတာလား။

ဖြေ - အဲ့ဒီမှာနှစ်ဖက်လုံးမှာအားနည်းချက်ရှိတာ။ စိုက်ပျိုးရေးဌာနက လူတွေက ရွာအုပ်စုအ လိုက် တောင်သူတွေကိုစပါးဆိုလည်းသက်တမ်းအလိုက် မျိုးတွေကိုရှင်းပြတယ်၊ ပေါင်းဆေးနဲ့တကွ စိုက်ပျိုးရေးနည်းပညာကိုပေးတယ်။ ခက်တာကတောင်သူကအဲ့ဒီလိုဟာတွေကိုမလာကြဘူး။ လာကြ တဲ့တောင်သူတွေကလည်း ဟိုပွဲလည်းဒီလူ၊ ဒီပွဲလည်းဒီလူပဲလာကြသလိုဖြစ်နေတယ်။ အဲ့ဒီလူတွေက လည်း ပညာတတ်ပြီးသားတွေ၊ဒီလူဒီလူတွေပဲ။ ဝန်ထမ်းရဲ့သဘောသဘာဝကလည်းပွဲဖြစ်ဖို့၊ လူရှိဖို့လို တယ်။ ဝန်ထမ်းကသူခေါ်လို့ရတဲ့သူတွေကိုပဲ ထပ်ခေါ်တယ်။ မသိတဲ့သူတွေလည် းအစိုးရလုပ်တဲ့ဟာ မို့ သွားမနေပါဘူး ဖြစ်ပြန်ရော။ မသိကြသေးတဲ့တောင်သူတွေရဲ့နေရာအထိ စိုက်ပျိုးရေးဌာနက သွားမပေးနိုင်၊ ခေါ်ပြန်တော့လည်း (တောင်သူက)မလာကြနဲ့။

နောက်တစ်ခုက စိုက်ပျိုးရေးဝန်ထမ်းတွေ အမြဲပြောလေ့ရှိတယ်၊ ကုမ္ပဏီကလုပ်တဲ့ပွဲဆို တောင်သူတွေလာကြတယ်၊ လက်ဆောင်တွေပေးလို့။ ဌာနဆိုင်ရာဆိုရင် မပေးနိုင်တော့ မလာကြဘူး ဆိုတာမျိုး။ တောင်သူတွေကလည်း ငါတို့အထွက်နှုန်းတွေက နည်းပညာပေါ် မူတည်တယ်ဆိုတဲ့ အသိ မျိုးမရှိကြဘူး။

မေး - ဒီနယ်မှာဌာနဆိုင်ရာတွေက ဘယ်လိုစီမံမယ်ဆိုရင် တောင်သူတွေအတွက် ပိုထိရောက် မယ်လို့ ထင်ပါသလဲ။

ဖြေ - ပွင့်ပွင့်လင်းလင်းပြောရရင် နဂိုကတည်းက စာတော်လို့ အောင်မယ့်ကလေးကို ထပ်တော်အောင် ပံ့ပိုးပေးပြီးဂုဏ်ထူးထွက်တော့ ငါတို့ကျောင်းက ဂုဏ်ထူးဘယ်နှစ်ယောက်ရတယ်လို့ လက်မထောင်နေကြသလိုပဲ ဖြစ်နေတာ။ ဒီနယ်ကနှမ်းလည်းကောင်းတယ်၊ မြေလည်းကောင်းတယ်၊ မျိုးလည်းကောင်းတယ်၊ တောင်သူတွေက စိုက်နည်းလည်းတတ်နေပြီးသား။ အဲ့ဒီနေရာကိုပဲ သွားသွား ပြီး မွမ်းမံနေတာမျိုး ဖြစ်နေတယ်။ ဥပမာကုလားရွာပေါ့၊နဝတ(ယခင် စစ်အစိုးရ) လက်ထက်ကလည်း စိုက်ပျိုးရေးဌာနသွားတာကဒီရွာပဲ။ ပြီးခဲ့တဲ့အစိုးရလက်ထက်ကလည်းဒီရွာနဲ့လက်တွဲတယ်။ လက်ရှိအ စိုးရမှာလည်း ဒီရွာနဲ့ပဲ။ တခြားရွာတွေကိုမပျံ့နှံ့ဘူး။ ဌာနအနေနဲ့ဒီရွာကတော့ ပညာရပြီ၊ ဟိုရွာမှာက ပညာအားနည်းနေသေးတယ်၊ ဒီနှစ်တော့ အားနည်းတဲ့ရွာကိုသွားကြမယ်၊ အဲ့ဒီလိုစီမံချက်လေးတွေဆွဲ ပြီးတော့ လုပ်မယ်ဆိုရင်၊ ဒီတစ်နှစ်မှာ ဘယ်တိုက်နယ်ကဘယ်ရွာတွေက တောင်သူဘယ်နှစ်ဦးကို ပူးပေါင်းဆောင်ရွက်၊တစ်နှစ်နဲ့တစ်နှစ် ရွှေ့ပြောင်းပြီးလုပ်လိုက်နိုင်မယ်ဆိုရင် ပိုကောင်းမယ်။

မေး - အခုအစိုးရအပြောင်းအလဲမှာဌာနဆိုင်ရာတွေအနေနဲ့တောင်သူတွေအတွက် ဘာတွေ ပြောင်းလဲလုပ်ပေးနိုင်တာ တွေ့လဲ။

ဖြေ - ဘာတွေပြောင်းလဲလာပြီလဲဆိုရင် ဆည်မြောင်းတွေဟာ အရင်တုန်းက အောက်ပိုင်း တွေက ရေမရဘူး။ ဘာလို့လဲဆိုတော့ ဆည်ရေပေးဝေတဲ့စနစ် အားနည်းခဲ့လို့။ ပင်မမြောင်းတွေ၊   မြောင်းလက်ခွဲတွေကိုရေပေးဝေတဲ့စနစ်ကြောင့် အောက်ပိုင်းတွေကရေမရဘူး။ အဲ့ဒါကို စိုက်ပျိုးရေး ဌာန၊ ဆည်မြောင်းဌာနတို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ပြီး   ရေပေးဝေတဲ့စနစ်ကို   ပြောင်းလိုက်တော့ အခုရေကိုပျံ့ပျံ့နှံ့နှံ့ပေးလာနိုင်ပြီ။ လိုအပ်နေသေးတာကတော့ မျိုးကောင်းမျိုးသန့်ပေးဖို့ပဲ။ ဌာနဆိုင်ရာ က မျိုးကောင်းမျိုးသန့် ပေးတယ်လို့ပြောကြတာပဲ။ ဒါပေမယ့် သုသေသနလုပ်စိုက်ပြီး မျိုးကောင်းမျိုး သန့် ပေးတာမျိုး မဟုတ်ဘဲနဲ့ သူတို့မျိုးပေး၊ သူတို့နဲ့ထိစပ်ထားတဲ့ တောင်သူတွေဆီကမျိုးကိုပဲယူပြီး ဖြန့်ဝေတာ။

မေး - စိုက်ပျိုးရေးထွက်ကုန်အတွက် ဈေးကွက်အကြောင်းပြောပါဦး။

ဖြေ - ကျွန်တော်တို့တောင်သူတွေရဲ့ စိုက်ပျိုးတာမှာ ပထမဆုံးရင်ခုန်ရတာက ရာသီဥတုပဲ။ ရာသီဥတုကနေ သီးနှံထွက်ပေါ်လာပြန်ရင်လည်း ဈေးကွက်ကို ရင်ပြန်ခုန်နေကြရပြန်ရော။ ရာသီမှန် ပြီး ထွက်ကောင်းချိန်မှာဈေးကွက်ကကျပြန်တော့ တောင်သူတွေမှာစိတ်ဓာတ်ကျရပြန်ရော။ ရာသီ ဖောက်လို့ နှမ်းမရကြနဲ့ နှမ်းရှားချိန် ဈေးကပြန်လည်းကောင်းရော။ တောင်သူတွေမှာ ပိုခံစားကြရ တယ်။ ဒါ့ကြောင့် ဈေးကွက်ကိုခိုင်မာနေဖို့လိုတယ်။ ဈေးကွက်ကိုလည်း နိုင်ငံတစ်ခုတည်းပေါ်မှာ မှီခို နေရတာမျိုးလည်း မဖြစ်စေချင်ဘူး။ ကုန်သည်ပွဲစားတွေမှာလည်း တစ်နယ်က နှမ်းအညံ့ကို နောက် တစ်နယ်က နှမ်းအကောင်းနဲ့ရောပြီးအမြတ်ပိုရအောင်လုပ်တော့ နိုင်ငံခြားဈေးကွက်မှာ အရည်အသွေး မကောင်းလို့ ဈေးက နှိမ်ခံရပြန်ရော။ ကျွန်တော်တို့ဈေးကွက်ကတရုတ်ကိုပဲမှီခိုနေရတာ။ ကျွန်တော်တို့ မန္တလေးရဲ့ နှမ်းကိစ္စမှာဈေးကွက်ကိုကုမ္ပဏီကြီးတစ်ခုတည်းကပဲနောက်ဆုံးကိုင်ထားတာ။ အရင်တုန်း က ကုမ္ပဏီလေးငါးခုရှိခဲ့တယ်၊သူကငွေအားနဲ့ဈေးကစားလို့ တခြားကုမ္ပဏီတွေ ပြုတ်ကုန်ပြီ။

မန္တလေးမှာ ကုန်စည်ဒိုင်ရှိတယ်လို့သာပြောတာ၊ ကုန်စည်ဒိုင်အားလုံးက ဒီကုမ္ပဏီတစ်ခုတည်း ကိုပဲ သွားထိုးရောင်းတာ၊ ဝယ်လက်အပြိုင်မရှိတော့ဘူး၊ လက်ဝါးကြီးအုပ်ပုံစံ   ဖြစ်နေတယ်။   နောက်တစ်ချက်က ကျွန်တော်တို့ပို့နေတဲ့ တရုတ်ဆိုတာလည်း ဂျပန်၊ ကိုရီယားကို ကျွန်တော်တို့ ပစ္စည်းတွေ ပြန်ပို့တာပဲ။ ကျွန်တော်တို့ကဂျပန်တို့၊ ကိုရီးယားတို့၊ ထိုင်ဝမ်တို့ကို တိုက်ရိုက်ဖောက်နိုင်ရင် ပိုအဆင်ပြေတယ်။ ဈေးကွက်ကို တရုတ်ကကစားနေတာ။ ဒီဘက်အစိုးရကလည်း ဈေးကွက်မှာ အနိမ့် ဆုံးဈေးတွေ မသတ်မှတ်ပေးနိုင်တော့ တရုတ်ကစားသမျှ တောင်သူတွေထိတာပဲ။ ကျွန်တော်တို့ဆီမှာ တရုတ်တွေ ဖရဲသီးလာစိုက်တာရှိတယ်။ သူတို့ကျတော့ ဟိုမှာဈေးကွက်ကရပြီးသားဆိုတော့ မရှုံးဘူး။ ကျွန်တော်တို့စိုက်တာပဲတရုတ်က(ဈေး) ကစားလို့ ရှုံးကြတယ်။

မေး - နိုင်ငံခြားဈေးကွက်အထိထိုးဖောက်နိုင်အောင်ဘာလုပ်သင့်ပါသလဲ

ဖြေ - အစိုးရအနေနဲ့က ပြည်တွင်းကုမ္ပဏီတွေကို နိုင်ငံတကာ ဈေးကွက်ရအောင် ချိတ်ဆက် ပေးတာတို့၊ ငွေကြေးအကူးအသန်းအတွက် အာမခံတာတို့ လုပ်ပေးဖို့လိုမယ်။ နိုင်ငံခြားတင်ပို့တာမှာ လုပ်ဆောင်ရတာတွေကတစ်နေရာတည်းမှာမပြီးတဲ့ဟာကလည်းအားနည်းချက်တစ်ခုပဲ။ One Stop Service နဲ့တစ်နေရာတည်းမှာ ပြီးပြတ်စေတဲ့စနစ်မျိုးကိုလည်းဖော်ဆောင်ပေးဖို့လိုမယ်။ နယ်ခံကုန် သည်တွေ၊ ပွဲရုံတွေကလည်းပစ္စည်းအရည်အသွေးကိုအာမခံနိုင်တဲ့ အနေအထားမျိုးကို လုပ်ပေးဖို့လို မယ်။ တောင်သူကလည်းမျိုးကောင်းမျိုးသန့်ကိုစိုက်မယ်။ တချို့နိုင်ငံတွေက အသီးအနှံတွေမှာ ဘာဆေးသုံးထားတဲ့ အသီးဆိုလက်မခံ၊ ဓာတ်မြေသြဇာသုံးထားတာဆိုလက်မခံဆိုတဲ့ သတ်မှတ်ချက် တွေရှိတော့ တောင်သူတွေအနေနဲ့လည်းစိုက်ပျိုးတာမှာနည်းစနစ်တကျနဲ့ ဈေးကွက်တန်းဝင်အောင် စိုက်ပျိုးနိုင်ဖို့တော့ လိုမယ်၊ အဲ့ဒါမျိုးဆိုရင် အဆင်ပြေသွားမယ်လို့ ထင်တယ်။

 

Mizzima Weekly