အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေကိစ္စ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းက ကျပ်သန်း ၂၀၀ တတိယအကြိမ်အဖြစ် ထပ်မံလွှဲပြောင်းပေး

အစိုးရအဖွဲ့ဟောင်း ရန်ပုံငွေကိစ္စ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းက ကျပ်သန်း ၂၀၀ တတိယအကြိမ်အဖြစ် ထပ်မံလွှဲပြောင်းပေး

မကွေး၊ မေ ၃၁ ။           ။ မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းခဲ့သော ရန်ပုံငွေများထဲမှ ကျပ်သန်း(၂၀၀)အား ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၏ ကိုယ်စားလှယ်က မေလ ၃၀ရက် နေ့လည်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရထံသို့ လာရောက် အပ်နှံခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရသည်။

"မနေ့က နေလည် ၁၂နာရီလောက်က ဦးဘုန်းမော်ရွှေရဲ့ ကိုယ်စားလှယ် ဦးကြည်ထွန်းက လာရောက်ပေးသွားပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကတဆင့် အစိုးရရဲ့ ရငွေစာရင်းမှာ ကျပ်သန်း(၂၀၀)   ပေးသွင်းသွာပါပြီ" ဟု မကွေးတိုင်းဒေသကြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က မဇ္ဈိမသို့ပြောသည်။

ဦးဘုန်းမော်ရွှေက ပေးရန်ရှိသည့် ကျပ် ၁ ဒသမ ၅၇ဘီလီယံကျော်အနက် မေလ (၄)ရက်က ကျပ်သိန်း(၃၀၀၀)၊ မေလ(၅)ရက်က ကျပ်သိန်း(၅၀၀၀) ပေးသွင်းထားပြီး မေ(၃၀)ရက်က ကျပ်သန်း(၂၀၀) ထပ်မံလာရောက် ပေးသွင်းခြင်းဖြစ်သည်။

ယင်းအပြင် မကွေးတိုင်းကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည်ဆိုသော မော်တော်ယာဉ် (၄)စီး၊ Wheel Loader (၁)စီး၊ ပဲ့ထောင်ရေယာဉ်(၂)စီးတို့အားလည်း ဧပြီလ ၃၀ ရက်က လက်ရှိ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပြန်လည်လွှဲအပ်ပေးခဲ့ပြီးဖြစ်သည်။

ကျန်ရှိငွေများမှာ လုပ်ငန်းလုပ်ကိုင်ထားသည့်အတွက် ပြန်လည်ကောက်ခံပြီး ဇူလိုင်လ တတိယပတ်တွင် ပြန်လည်ပေးသွင်းသွားမည်ဖြစ်ကြောင်း ဦးဘုန်းမော်ရွှေမှ အကြောင်းပြန်စာပေးပို့ ကတိပြုထားကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မဇ္ဈိမသို့ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly