ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်တွေကို စစ်ဆေးဖို့ စုံစမ်းရေးအဖွဲ့ ကုလခန့်အပ်

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်တွေကို စစ်ဆေးဖို့ စုံစမ်းရေးအဖွဲ့ ကုလခန့်အပ်

မေ ၃၁ ။             ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆလင်တို့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်တွေရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေ ထွက်ပေါ်ထားခဲ့မှုအပေါ် စုံစမ်းစစ်ဆေးဖို့ သုံးဦးပါအဖွဲ့တစ်ခုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မေလ ၃၀ ရက်မှာ ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မွတ်ဆလင်တို့အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖိနှိပ်ညှင်းပန်းမှုတွေကျူးလွန်ထားခဲ့တဲ့ဆိုတဲ့ကိစ္စအပေါ် စုံစမ်းဖို့ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ ဖွဲ့စည်းရေး ပြီးခဲ့တဲ့ မတ်လကတည်းက ဂျီနီဗာအခြေစိုက် ကုလလူ့အခွင့်အရေးကောင်စီမှာ မဲပေးဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီလို စုံစမ်းရေးအဖွဲ့ စေလွှတ်စစ်ဆေးမယ့် ကိစ္စကို မြန်မာအစိုးရဘက်ကတော့ လက်မခံဘဲ ပယ်ချထားခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ဖွဲ့စည်းလိုက်တဲ့ သုံးဦးပါ အဖွဲ့မှာတော့ အိန္ဒိယရှေ့နေ အမျိုးသမီးအခွင့်အရေးကာကွယ်သူ အင်ဒီရာ ဂျိုင်ဆင်း၊ သီရိလင်္ကာရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဟောင်း ရက်ဟီကာ ကူမရာဆွာမိုင် နဲ့ သြစတြေးလျက လူ့အခွင့်အရေးသမား ခရစ်စတိုဖာ ဒိုမစ်နစ် ဆီဒိုတီ တို့ ပါဝင်တယ်လို့ သိရပါတယ်။

ယင်းအဖွဲ့အနေနဲ့ကတော့ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်ကိစ္စတွေကို အားချင်း စုံစမ်းစစ်ဆေးသွားရမှာ ဖြစ်ပြီး ယင်းနောက် နောက်ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအစီအစဉ်အတွက် ဂျီနီဗာမှာ ပြန်လည်အစည်းအဝေးထိုင်သွားမှာ ဖြစ်တယ်လို့ ကုလ ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါပေမယ့်လည်း ယင်း ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ပြုမပြု ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယခုလအစောပိုင်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမတို့အစိုးရအနေနဲ့ ယခုလိုမျိုး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းမယ့်ကိစ္စကို လက်မခံကြောင်းနဲ့ ယင်းဟာ တကယ့်လက်တွေ့မြေပြင်မှာ ဖြစ်နေတာတွေနဲ့ လက်လှမ်းမီနိုင်ဖို့ မရှိကြောင်း ပြောဆိုထားခဲ့ပါတယ်။

အစောပိုင်းကာလတုန်းကတော့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ ထွက်ဆိုချက်အရ ဆိုပြီး ကုလလလူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်မှာတော့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပြစ်ချက်တွေ ရှိကောင်းရှိနေနိုင်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ အဲဒီလို စွဲချက်တွေကို ပယ်ချထားခဲ့ပြီး နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေ ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ပြုဖို့ကိုလည်း ငြင်းဆန်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly