ကုလ လူ့အခွင့်အရေးကော်မရှင်ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုအားနည်းသလိုဖြစ်ဟု အစိုးရတုန့်ပြန်

ကုလ လူ့အခွင့်အရေးကော်မရှင်ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုအားနည်းသလိုဖြစ်ဟု အစိုးရတုန့်ပြန်
မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင် ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ်။ ဓာတ်ပုံ-မဇ္ဈိမ

ရန်ကုန်၊ မေ ၃၁ ။           ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်ခံရမှု စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် သုံးဦးပါအဖွဲ့တစ်ခုကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တာဝန်ပေးအပ်သည့် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုအားနည်းသလို ဖြစ်နေသည်ဟု မြင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက တုန့်ပြန်ပြောဆိုလိုက်သည်။

“ ဒီလိုမျိုး လူ့အခွင့်အရေးကောင်စီကနေ ဆုံးဖြတ်ချက်က သက်ဆိုင်ရာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားမှုအားနည်းတယ်လို့ မြင်တယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာအစိုးရဘက်က ဒုသမ္မတ ဦးဆောင်သည့် ရခိုင်ကော်မရှင်မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေပြီး ချိုးဖောက်ခဲ့သည်ဆိုပါက အရေးယူမည်ဟု   နိုင်ငံတကာသို့   ပြောကြားထားပြီးကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

ထို့အပြင် မြန်မာအစိုးရ၏ လုပ်ဆောင်ချက်များ မပြီးပြတ်သေးဘဲ စောင့်ကြည့်ရဦးမည့် အချိန်တွင် ယခုကဲ့သို့ ကုလအချက်အလက်ရှာဖွေရေးအဖွဲ့စေလွတ်ခြင်းမှာ   မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားမှုအားနည်းနေသလို မြင်မိကြောင်း ၎င်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

“ နောက်တစ်ချက်က သက်ဆိုင်ရာ နိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို လျစ်လျူရှု့တယ်လို့မြင်တယ် “ ဟု အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆိုသည်။

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိမရှိကို စုံစမ်းစစ်ဆေးနေပြီး လူ့အခွင့်အအရေးချိုးဖောက်မှုများ မရှိဘူးဟု ငြင်းဆိုနေခြင်းလည်း မဟုတ်သောကြောင့် ယခုလို ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးစေခြင်းကို လက်မခံနိုင်ဘူးဟု ဦးဇော်ဌေးကပြောသည်။

ထိလွယ်ရှလွယ် အခြေအနေမှာ ကုလသမဂ္ဂ မှစုံစမ်းရေးအဖွဲ့ ဝင်ရောက်စွက်ဖက်ခြင်းမှာ  ပိုပြီး ပြဿနာကြီးလာစေဟုလည်း ၎င်းကပြောဆိုသည်။

သို့သော် မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာထဲတွင် လွတ်လပ်ပြီး တရားမျှတသည့် စုံစမ်းစစ်ဆေး မှုတစ်ခု လုပ်ဖို့လည်း တိုက်တွန်းထားသည်။

“ ကျွန်တော်တို့ကတော့ တစ်ဖက်နိုင်ငံကို လူတွေထွက်ပြေးသွားတာတွေကို တွေ့ခဲ့ရတယ်လေ။ တစ်ခုခုဖြစ်လို့လူတွေဟာ အလုံးအရင်းနဲ့ထွက် ပြေးတာဖြစ်ပါတယ်။ အဲ့တာကြောင့် လွတ်လတ်ပြီးတော့ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ပြစ်မှုကျူးလွန်တဲ့ သူများရှိရင် ဥပဒေအတိုင်း အရေးယူဖို့ဆိုတာ ကျွန်တော်တို့ အကြံပြုချက်ထဲမှာပါ ပါတယ်ခင်ဗျ ၊ ဘယ်သူလုပ်ဖို့၊ ဘာတွေလုပ်ဖို့ ဆိုတာတွေကို ကျွန်တော်တို့ ဘာမှ မပြောပါဘူး “ ဟု ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက မစ္စတာကိုဖီအာနန်၏ အကြံပေးချက်များကို အစိုးရမှ ပူးပေါင်းဆောင်ရွက်နေကြောင်းပြောဆိုသည်။

ကိုဖီအာနန် ကော်မရှင်မှာ အကြံပေးကော်မရှင်ဖြစ်သောကြောင့် အကြံပြုချက်များကို ပူးပေါင်းဆောင်ရွက်နေသော်လည်း ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီမှ မေလ ၃၀ ရက်မှာ ခန့်အပ်တာဝန်ပေးသည့် အဖွဲ့ကိုတော့ လက်ခံမည်မဟုတ်ကြောင်း  ၎င်းက ဆက်လက်ပြောဆိုသည်။

ယခု ဖွဲ့စည်းလိုကသည့် သုံးဦးပါ အဖွဲ့တွင့် အိန္ဒိယရှေ့နေ အမျိုးသမီးအခွင့်အရေးကာကွယ်သူ အင်ဒီရာ ဂျိုင်ဆင်း၊ သီရိလင်္ကာရဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဟောင်း ရက်ဟီကာ ကူမရာဆွာမိုင် နဲ့ သြစတြေးလျက လူ့အခွင့်အရေးသမား ခရစ်စတိုဖာ ဒိုမစ်နစ် ဆီဒိုတီ တို့ ပါဝင်သည်။

ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာအစိုးရက ရခိုင်ပြည်နယ်ထဲ ဝင်ခွင့်ပြုမပြုဆိုသည့်မေးခွန်းကို ဦးဇော်ဌေးက “ ဆုံးဖြတ်ချက်ကို လက်မခံဘူး ဆုံးဖြတ်ချက်နောက်က အကောင်အထည်ဖော်တာတွေလည်း လက်မခံဘူး အဖွဲ့ဖွဲ့တယ် သူ့ဟာသူဖွဲ့ပေါ့နော် ဖွဲ့တဲ့ဟာလည်း ကျွန်တော်တို့က လက်ခံမှာမဟုတ်ဘူး “ ဟု ဆိုသည်။

ရခိုင်ပြည်နယ်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖိနှိပ်ညှင်းပန်းမှုတွေကျူးလွန်သည်ဆိုသည့် စွပ်စွဲချက်များအပေါ် စုံစမ်းဖို့ အချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ ဖွဲ့စည်းရေး ပြီးခဲ့သည့် မတ်လကတည်းက ဂျီနီဗာအခြေစိုက် ကုလလူ့အခွင့်အရေးကောင်စီမှာ မဲပေးဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်မခံနိုင်ကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly