ထွေးဦးမြန်မာမှ ရုပ်သေးကျွမ်းကျင်သူ သက်သက်ထွေးဦးနှင့် တွေ့ဆုံခြင်း

ထွေးဦးမြန်မာမှ ရုပ်သေးကျွမ်းကျင်သူ သက်သက်ထွေးဦးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရုပ်သေးပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းနေ သူများထဲတွင် ထွေးဦးမြန်မာလည်း အပါအဝင်ဖြစ်သည်။  ထွေးဦးမြန်မာ အနေဖြင့် ရိုးရာ ရုပ်သေး အကများကို ကပြနေသလို ရုံပွဲများကိုလည်း စီစဉ်ပေးသည်။ ယင်းအပြင် ပြည်ပတွင်လည်း ဖိတ်ခေါ်ပါက သွားရောက် ကပြဖျော်ဖြေမှုများ လုပ်လေ့ရှိသည်။ ထွေးဦးမြန်မာ၏ လုပ်ကိုင် ဆောင်ရွက်နေမှုများ၊ ရုပ်သေးပညာ၏ ခက်ခဲမှုများ၊ လက်ရှိ ကြိုးစားနေရမှုများကို သိရှိနိုင်ရန် မဇ္ဈိမက ထွေးဦးမြန်မာမှ ရုပ်သေးကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် အသက်ကိုးနှစ်အရွယ်ကပင် ရုပ်သေးကြိုးဆွဲ ပညာကို သင်ယူခဲ့သူ သက်သက်ထွေးဦးနှင့် တွေ့ဆုံ မေးမြန်းထားပြီး ကောက်နှုတ် ဖော်ပြပေးထားပါသည်။

ရိုးရာရုပ်သေးဆိုတာဘာလဲ၊ ခေတ်ပေါ်ရုပ်သေးဆိုတာဘာလဲ အဲဒါလေး ရှင်းပြပေးပါဦး။

ရိုးရာရုပ်သေးဆိုတာကတော့ ဟိုးခေတ်ထဲက ရှိခဲ့တဲ့အရုပ်တွေပေါ့နော် မင်းသား၊ မင်းသမီး၊ သူငယ်တော် ၊ ဂဠုန်၊ နဂါး၊ဆင်၊ကျား၊ အဲလိုပေါ့နော်။  ခေတ်ပေါ်ရုပ်သေးဆိုတာကျတော့ အခုနောက်ပိုင်း ခေတ် အဝတ်အစားနဲ့ ခေတ်ပုံစံနဲ့ အဆင်အပြင်လေးတွေကအစ အရင်ကရိုးရာရုပ်သေးဆို နောက်ခံတောကားတွေ၊ နန်းကား တွေပေါ့နော်၊ အခုခေတ်ပေါ်ရုပ်သေးတွေကျတော့ လူနေအိမ်ပုံစံမျိုးတွေ၊ အသုံး အဆောင်ပစ္စည်းလေးတွေ၊ ကွာသွားတယ်ပေါ့နော်။ ရိုးရာရုပ်သေးမှာကျတော့ အကကိုဦးစားပေးတာပေါ့ ခေတ်ပေါ်ရုပ်သေးမှာကျတော့ စကားလုံးတွေ နဲ့ပုံဖော်ရတာပေါ့။ အဲလိုကွာသွားတယ်။

ညီမလေးကရော ဘယ်ရုပ်သေးတွေကို ကပြနေတာပါလဲ။

လက်ရှိကနေတာကတော့ ရိုးရာရုပ်သေးကိုဘဲကတာပေါ့နော်။  မြန်မာနိုင်ငံကလူတွေက ရုပ်သေးကို သိပ်စိတ်မဝင်စားကျဘူး။ နိုင်ငံခြားသားတွေက စိတ်ဝင်စားကြတယ် သူတို့စိတ်ဝင်စားတဲ့ အတိုင်းရိုးရာ ရုပ်သေးကိုဘဲ ကနေသေးတယ်။ ခေတ်ပေါ်ရုပ်သေးက နောက်ထပ်တီထွင်ဆန်းသစ်မှုတွေလုပ်ရအုံးမှာပေါ့နော်။

ရုပ်သေးအပေါ်မှာ ညီမလေးကျွမ်းကျင်တာလေးတွေ ပြောပြပါဦး။

စသင်တုန်းကဆို အရုပ်လေးတွေက လူနဲ့တူဖို့ပေါ့နော် ။ လူနဲ့တူဖို့ ကြိုးကိုဆတ်တောက်ဆတ်တောက်မဟုတ်ဘဲ ညက်ညက်လေးဆွဲရတယ်ပေါ့။  ကြိုးဆွဲနေတာကြာလို့ရှိရင် အရုပ်ကို ကြမ်းပြင်နဲ့ ထိနေအောင် သတိထားဆွဲရတယ်။ ခုန်သွားတာတို့ လွတ်ထွက်သွားတာတို့မဖြစ်ရဘူး။ အဲဒါမှ သူ့အရုပ်ပုံစံအတိုင်းက လို့ရတယ်။

ညီမလေးဘယ်အရွယ်တုန်းက ရုပ်သေးကိုစသင်တာလဲ။ စသင်တုန်းကအကြောင်းလေး ပြောပြပါဦး။

စသင်တုန်းက ဒါကို သိပ်စိတ်မဝင်စားသေးဘူး။ ဖေဖေကအတင်းသင်ခိုင်းတော့ သင်ရတယ်ပေါ့။ အရုပ်ကြီးတွေက လေးတော့ မကိုင်ချင်ဘူး။  အကြာကြီးကိုင်ထားရင်လည်း ပစ်ချချင်လာကော အဲလို အခက်အခဲတွေ တော့ရှိတယ်။ နောက်ပိုင်းဆွဲနေကျ အသားကျသွားတော့ သိပ်မလေးတော့ဘူး

ရိုးရာရုပ်သေးမှာ ဘယ်အရုပ်တွေရှိလဲ။

ရိုးရာရုပ်သေးမှာ အဓိကက ၂၈ ရုပ်ရှိတယ်။ နောက်ထပ်အရုပ်တွေတော့ ရှိတော့ရှိသေးတယ် အခြေခံက စသင်ရရင် သူငယ်တော်အရုပ်လေးကို စသင်ရတယ်။ အရင်ခေတ်ကဆိုရင် အဲဒိသူငယ်တော် အရုပ်ကိုဘဲ ၃ နှစ်လောက်သင်ရတယ်ပြောတယ်။ သမီးလည်းသူငယ်တော်လေးကနေစပြီး သင်ခဲ့တယ်။

ဘယ်လောက်ကြာကြာစပြီး သင်ယူခဲ့ရလဲ မှတ်မိသလောက်လေး ပြောပြပေးပါ။

သင်ပြီးသွားလို့တတ်တာတော့ မကြာဘူးပေါ့။ အရုပ်ကို သီချင်းနဲ့ စည်းနဲ့ဝါးနဲ့ ကျဖို့ရယ်အရုပ်လေးက လူလေးနဲ့တူဖို့ရယ် ထိုင်တာထတာလေးကအစ တကယ့်လူလေးအတိုင်းဖြစ်ဖို့ ရယ်တော်တော်လေ့ကျင့် ရတယ်။  ဒီကြားထဲမှာ ပွဲတွေဝင်ကရင်း အမှားတွေရှိရင် ပြင်ရင်း အဲလိုဘဲဆွဲတတ်သွားတာပါ။

အရုပ် ၂၈ ရုပ်ရှိတယ်ပေါ့နော် ဘယ်အရုပ်ကိုသင်ရတာ အခက်ဆုံးလဲ။

အခက်ဆုံးကတော့ ဇော်ဂျီပေါ့နော။  ကြိုးတွေလည်းများတယ်။  ကျွမ်းထိုးတဲ့နေရာမှာ ခက်တယ်။ ကျွမ်းထိုးတာမရသေးလို့ ဆက်မတက်ရသေးဘူး။

ပထမဆုံးညီမလေး သင်ရင်းနဲ့ ကပြဖျော်ဖြေတာ ဘယ်လိုနေလည်း အတွေ့အကြုံလေး ပြောပြပေးပါဦး။

ပထမဆုံးစကတဲ့ပွဲကတော့ ဟိုတယ်တစ်ခုရဲ့ ညစာစားပွဲမှာပေါ့နော် အောက်မှာလည်း လူတွေအများကြီး ဆိုတော့ စင်ပေါ်မတက်ခင်ကြောက်နေတယ်။ စင်ပေါ်ရောက်တော့လည်း တီးလုံးစပြီးတော့ ကရတယ် ပရိတ်သတ်ကို လုံးဝမော့မကြည့်ဘူးပေါ့ ။ ကိုယ့်အရုပ်ကိုဘဲ ငုံ့ပြီးတော့ ကသွားတယ် ပြီးလည်းပြီးကော တခါတည်းတန်းဝင်ပြေးသွားတယ် ။ အဲဒါတော့ အမှတ်တရပေါ့နော်။

စကတုန်းက ညီမလေးဘယ်အရွယ်ရှိပြီလဲ။

စကတုန်းက ၁၀ နှစ်ကျော်ကျော် ၁၁ နှစ်လောက်ရှိပြီပေါ့နော်။

ညီမလေး ပြိုင်ပွဲတွေကော ပြိုင်ခဲ့ဘူးလား အဲဒီ့ အတွေ့အကြုံလေးရှင်းပြပေးပါအုံး။

တစ်ဦးချင်းတော့ ပြိုင်ပွဲမဝင်ဘူးဘူးပေါ့နော် ထွေးဦးမြန်မာအဖွဲ့နဲ့ဘဲ ပြိုင်ပွဲလိုသဘောမျိုးပေါ့နော် အမှန် တကယ်ကတော့ ဖျော်ဖြေပွဲပါဘဲ။ အဲ့ထဲကမှ ဆုတွေပေးတာပေါ့ ။ နိုင်ငံပေါင်း ၈၀ လောက်က အဖွဲ့ပေါင်း ၁၆၀ လောက်လာပြိုင်တယ် ၁၄ ဆုဘဲရွေးပေးတာပေါ့ အဲ့မှ တစ်ဆုရခဲ့တာပေါ့ Best Animation ဆိုတဲ့ဆု။

ညီမလေးကျောင်းပညာကော ဘာတွေသင်နေသလဲ တစ်ခြားကောဘာတွေသင်နေလဲ ပညာရေးနဲ့ပတ် သက်ပြီးပြောပြပေးပါ။

ပထမတော့ ယဉ်ကျေးမှုတက္ကသိုလ်မှာတက်တယ်ပေါ့ ။ ဂီတမေဂျာယူခဲ့တယ် စောင်းအထူးပြုပေါ့နော် ဒုတိယနှစ်ရောက်တဲ့အချိန်မှာ ရုပ်သေးဆွဲဖို့လူလိုတာလည်း ပါတာပေါ့ ကျောင်းကလည်း အသွား အပြန်က လည်း ဝေးတယ် အခုကလည်း ကားတွေအရမ်းပိတ်လာတော့ အိမ်ပြန်ရင်မိုးချုပ်တယ်ပေါ့နော် အဲဒါနဲ့ ဖေဖေကမတက်နဲ့တော့ဆိုပြီးတော့ အိမ်မှာဘဲကူလုပ်တော့ဆိုပြီး ထုတ်လိုက်တယ်ပေါ့ အခုတော့ အဝေးသင် အင်္ဂလိပ်စာတတ်နေတယ် ပထမနှစ် အပြင်မှာတော့ စောင်းကိုဆက်သင်ဖို့ရှိတယ်။

ညီမလေးစောင်းကျတော့ ဘယ်အဆင့်ထိတက်မြောက်နေပြီလဲ။

စောင်းကိုတော့ နည်းနည်းတီးတတ်တဲ့အနေအထားလေးဘဲ ။ သီချင်းတစ်ပုဒ်လုံးကိုတော့ မတီးတတ်သေးဘူးပေါ့ နောက်မှအပြင်မှာ ဆရာနဲ့သင်ဖို့ရှိတယ်။

ညီမလေးငယ်ငယ်ကတည်းက ၉ နှစ်ထဲက ဝင်ကတယ် ကျောင်းကလည်းတက်နေတယ် အဲ့ဒီအတွေ့အကြုံလေး ပြောပြပေးပါဦး။

ငယ်ငယ်ကကျောင်းရှိတော့ သိပ်မကဖြစ်ဘူး။ မနက်ပိုင်းကျောင်းသွားတယ် ကျုရှင်တက်တယ်။ အားတဲ့အချိန်လေးမှာ ဖေဖေကဆွဲခိုင်းတယ်။ လေ့ကျင့်ခိုင်းတယ်။ လေ့ကျင့်ဖြစ်တယ် ။ ကျောင်းပိတ်ရက် စနေ ၊တနင်္ဂနွေ လိုနေ့မျိုးကျတော့ ရုံကိုလိုက်သွားပြီးတော့ ကတဲ့ပွဲတွေမှာ ဝင်ဆွဲကြည့်တယ်။

အခုဆိုနိုင်ငံခြားသားဧည့်သည်တွေက များမှာပေါ့။ နိုင်ငံခြားသားဧည့်သည်တွေနဲ့ ကတဲ့အတွေ့အကြုံမျိုးလေး မှတ်မှတ်ရရ ဖြစ်နေတာလေး ပြောပြပေးပါဦး။

နိုင်ငံခြားသားတွေက အရုပ်လေးထွက်လာရင် စိတ်ဝင်စားကျတယ်။ များသောအားဖြင့် သူတို့စိတ်ဝင်စားတာက အပျိူတော်အခန်းမှာ မျက်ခုံးလေးလှုပ်ပြရင် သူတို့အရမ်းကြိုက်တယ်ပေါ့နော် သူတို့နောက် ဆုံးကြိုက်တာက ဦးရွှေရိုး ဒေါ်မိုးပေါ့ ။ ဦးရွှေရိုးထီးဖွင့်လိုက်ရင် သူတို့ဟာကနဲဟင်ကနဲ ဖြစ်သွားတယ် နောက် ဦးရွှေရိုးနဲ့ ဒေါ်မိုးဖင်ပေါက်တဲ့အခန်းဆိုရင် တဝုန်းဝုန်းနဲ့ ရီကြတယ်ပေါ့နော် သူတို့ပွဲပြီးလို့ရှိရင် ဒိုးပတ်ဝိုင်းလေးတွေနဲ့ သူတို့အကုန်ထွက်တယ်ပေါ့နော်။ ပွဲပြီးရင် ဓါတ်ပုံတွေရိုက်ကြ ပြီးရင် တော်တော်ကြာသွားတယ် ဓါတ်ပုံရိုက်တာ နဲ့တင် အဲလိုမျိုးရှိပါတယ်။

ညီမလေးအသက်လည်း ၁၈ နှစ်ပြည့်သွားပြီ ။ ခရီးသွားလုပ်ငန်းရယ် ရုပ်သေးရယ် လက်ရှိအခြေအနေ အနေအထားလေး ပြောပြပေးပါဦး။

ရုပ်သေးကို နိုင်ငံခြားသားတွေကဘဲစိတ်ဝင်စားကြတယ် ပြည်တွင်းကစိတ်မဝင်စားကျဘူးလေ ပြည်ပတွေက ဖိတ်တယ်ပေါ့။ ပြည်ပတွေက ဖိတ်လို့ရှိရင် တစ်ခါတစ်လေကျရင် သူတို့စားရိတ်နဲ့ဖိတ်တာ ရှိတယ် အဲ့ခါကျ လို့ရှိရင် ကိုယ့်ဟာကိုသွားလိုက်ရုံဘဲပေါ့။ တခါတလေကျတော့ ပွဲတော်တွေလုပ်လို့ရှိရင် စားရိတ်မပေးတဲ့ အခါတွေရှိတယ်။  စားရိတ်မပေးတော့ လူတွေကိုစားရိတ်ခံပြီးခေါ်သွားဖို့က မတတ်နိုင်ဘူး။  နီးနီးနားနား အိမ်နီးချင်းနိုင်ငံတွေ လောက်ဘဲသွားနိုင်တယ်။ တခါတလေကျ သွားချင်လို့ရှိရင် လေယဉ်လိုင်းတွေကိုပေါ့နော် စပွန်ဆာတောင်းတယ်။ ဒါပေမဲ့ သူတို့က စိတ်မဝင်စားကြဘူး မင်းသားမင်းသမီးတို့ အားကစားသမားတွေ သွားတာကျတော့ လုပ်ပေးနိုင်ကျတယ်။ ရုပ်သေးကျတော့ စိတ်မဝင်စားဘူး။ မလုပ်ပေးတာများတယ်။ အရုပ်တွေက လေးတော့ ကီလိုတောင်းလို့ရှိရင် ပေးကြရ တယ်။ အရင်တစ်ခေါက်က စင်ကာပူသွားတာဆိုလို့ရှိရင် ဆိုင်းဝိုင်းပါခေါ်သွားတယ်။  ရုပ်သေးဘက်ကလည်း ကိုယ့်စားရိတ်နဲ့ကိုယ် ဆိုင်းဝိုင်းဘက် ကလည်း ဦးစိန်မွတ်တားဆိုတာ အကယ်ဒမီရထားတာ။ သူကလည်းသူ့လူတွေကို သူ့စားရိတ်နဲ့သူခေါ်တယ်။ အဲ့မှာသွားပြတော့ ဆိုင်းဝိုင်းကြီးနဲ့ဆိုတော့ ရုပ်သေးကိုတော်တော်ကြီးကို စိတ်ဝင်စားကြတယ်။ ချီးကျုးကြတယ်။ သူတို့ပြောကြတယ် မြန်မာဆိုအထင် မကြီးဘူးပေါ့နော် ဒါပေမဲ့ရုပ်သေးကို ကြည့်ပြီးတဲ့နောက်မှာ သူတို့အကုန်လုံးတွေထက်သာတယ်တဲ့ဆိုပြီး အထင်ကြီးသွားကြ တယ်။ ဒီရုပ်သေးကို နိုင်ငံတကာက ပညာကိုလေးလည်းလေးစားတယ်။ အထင်လည်းကြီးကြတယ်ပေါ့နော် ကိုယ့်နိုင်ငံကကျတော့ ပံ့ပိုးပေးဖို့နည်းနည်းလိုနေတယ်ပေါ့နော်။

ညီမလေးရဲ့ ရုပ်သေးအပေါ်မှာ တစ်ဦးချင်းရဲ့သဘောထားကို ပြောပြပေးပါဦး။

အစကတော့ အရုပ်လေးတွေကနေလို့ရှိရင် သူများတွေဆွဲနေလို့ရှိရင် လွယ်တယ်လို့ထင်ရတယ် ကိုယ်ကိုတိုင်လည်းကကြည့်ရော အရုပ်ကိုခနလေးကိုင်ထားတာနဲ့တင် တော်တော်လေးတယ်။ လက်မောင်းတွေပါနာလာကော မကိုင်ချင်ဘူး။  နောက်တော့ သင်ရင်းသင်ရင်းနဲ့ ကိုယ်ကတဲ့အရုပ်လေးက လူလေးနဲ့တူနေရင် အရမ်းပျော်တယ်။ ပြီးတော့ နိုင်ငံခြားသားတွေရှေ့မှာဖြစ်ဖြစ် ကိုယ့်ဗမာတွေရှေ့မှဖြစ်ဖြစ် ကတဲ့အခါ သူတို့တွေကကြည့်ပြီး သဘောကျတဲ့အခါ အထင်ကြီးတယ် လေးစားတယ်ဆိုတော့ ပီတိဖြစ်တာ ပေါ့နော် အဲ့တော့ ရုပ်သေးရုပ်လေးတွေအပေါ်ချစ်လာတယ်။

ညီမလေးတို့ ကိုယ်ကနေတဲ့ရုပ်သေးရုပ်လေးကို ဘယ်လိုထိန်းသိမ်းလဲ။

ရုပ်သေးရုပ်လေးတွေက မကရင် ရှင်းရတော်တော်ခက်တယ်။ ကြိုးတွေရှုပ်သွားရင် ကရတာလည်း အဆင်မပြေဘူး ။ ပြီးတော့ တနေရာကနေတနေရာသယ်ဖို့ ဆိုရင်လည်း တရုပ်ချင်းဆိုခက်တယ်။ ရုပ်သေးရုပ်ကြိုးမရှုပ်အောင် ကြိုးလေးကိုလိမ်ပတ်ပြီးတော့ ချိတ်လေးမှာချိတ်ပေးထားရတယ် တစ်ရုပ်နဲ့တစ်ရုပ်အိပ်လေးထဲမှာထပ်ပြီးမျက်နှာမပွန်းအောင်လို့  ထည့်ရတော့ သူ့မျက်နှာစည်းလေးရှိတယ် အဲဒါလေးနဲ့သေချာစည်းပြီးတော့မှ သေချာထပ်ပြီးသိမ်းရတယ်။ ရုပ်သေးရုပ်က စည်းကမ်းလည်းရှိတယ်။ မိန်းမရုပ်နဲ့ယောက်ကျားရုပ်ကိုလည်း တူတူတွဲမထားရဘူး။ ဘယ်ရုပ်နဲ့ဘယ်ရုပ်ဆိုတူတူတွဲမထည့်ရဘူး ဆိုပြီးရှိတယ်။

ညီမလေးရုပ်သေးရုပ်နဲ့ပက်သက်ပြီးတော့နိုင်ငံတကာမှာ လေ့လာထားတာတွေ စာအုပ်စာပေတွေကော ရှိလား ဘာတွေလေ့လာဖြစ်လဲ Leaning လုပ်တဲ့အပိုင်းလေးလည်းပြောပေးပါဦး။

နောက်ပိုင်းကျရင် ခေတ်ပေါ်ရုပ်သေးလုပ်တဲ့အခါကျရင် လူငယ်တွေစုမယ်ပေါ့နော် လူငယ်တွေစုပြီး နိုင်ငံတကာက နားလည်းလာအောင် အင်္ဂလိပ်စကားပြောလေးတွေနဲ့ ကိုယ်တိုင်ပြောပြီး ကိုယ်တိုင် ကတာ အဲလိုမျိုးလေးတွေတော့ လုပ်ဖို့အစီအစဉ်ရှိတယ်။

ကိုယ်ကိုတိုင်ကလူငယ်တစ်ယောက်လည်းဖြစ်နေတယ်လေ ကိုယ်တိုင်ရဲ့ဝါသနာကကော ဘာလုပ်ချင်လည်း ရုပ်သေးရုပ်ကသာကနေတာ တစ်ခြားလုပ်ချင်တဲ့ရည်ရွယ်ချက် ရည်မှန်းချက်တွေဘာရှိလဲ။

ရုပ်သေးကိုတော့မဆွဲချင်ဘူးပေါ့ တစ်ခြားကတော့စိတ်ကူးကတော့မျိုးစုံဘဲပေါ့ ငယ်ငယ်တုန်းကဆို လက်မှုပညာလေးတွေစိတ်ဝင်စားတယ်ပေါ့ စက္ကူလေးကို အရုပ်ပုံစံဖြစ်အောင်ခေါက်တာတို့ပုံစံလေးတွေဖော်တာတို့ လုပ်တာကို စိတ်ဝင်စားတယ်ပေါ့နော် အခုရုပ်သေး ကိုကျတော့လည်း ဆွဲရင်းဆွဲရင်းနဲ့စိတ်ဝင်စားသွားတယ်ပေါ့ ဒါပေမဲ့ ဒီရုပ်သေးမှာမှ နောက်ခံဆက်တင်လေးကို ကဒ်ထူလေးနဲ့ဘဲဖြစ်ဖြစ် ပုံစံလေးတွေမျိုးစုံဖော်ပြီးတော့ လုပ်လို့ရတယ်ပေါ့နော် အဲဒါလေးတွေဝါသနာပါတယ်။

အမေနဲ့မောင်လေးတွဲပြီတော့ ကဖူးလား အဲ့အတွေ့အကြုံလေးပြောပြပေးပါဦး။

မောင်လေးနည်းနည်းကြီးလာတော့ သူက ဇတ်စင်အောက်မှာအိပ်တာများတယ် တီးလုံးတွေကို အလွတ်ရသလိုဖြစ်နေပြီ တီးလုံးသံလေးကြားရင် ထထကတယ် အဲတော့ ဖေဖေကသူ့ကို သူငယ်တော် ဝတ်စုံလေးချုပ်ပေးမယ် ကမလားဆိုတော့ သူက ကမယ်ဆိုတော့ သူငယ်တော်ဝတ်စုံလေးချုပ်ပေးတယ်ပေါ့ သမီးကရုပ်သေးဆွဲတယ် သူကဘေးနားမှာကတယ်ပေါ့နော် ရုပ်သေးရုပ်လေးအတိုင်းလိုက် ကတယ် အမကဆွဲမောင်ကကဆိုပြီးတော့ ခေါင်းစဉ်လေးနဲ့ပေါ့နော် တော်တော်များများကြိုက်ကြတယ်ပေါ့နော် နိုင်ငံခြားသားတင်မကဘူး ကိုယ့်ဗမာအချင်းချင်းကပါကြိုက်ကြတယ်ပေါ့နော် ချီးကျုးကြ တယ်ပေါ့နော် အရုပ်လေးနဲ့တူတယ်တဲ့ ကတာ အခုသူလည်းနည်းနည်းှကြီးလာတော့ အရပ်ကကျော်သွားတယ်ပေါ့ သူ့အရပ်ကြီးနဲ့ကျတော့ ကလို့မဖြစ်တော့ဘူးဆိုပြီးဝင်ဆွဲတဲ့ သမီးနဲ့တူတူ ဘဲဝင်ဆွဲတယ် အဲဒါတော့ပင်တိုင်ပေါ့နော် သူငယ်တော် သူနဲ့တူတူဆွဲရတယ် နောက်ပိုင်းကျတော့ မေမေကဝင်ဆွဲလာတော့ မေမေနဲ့အတူတူဝင်ဆွဲတဲ့အခန်းတွေလည်း ရှိတယ်ပေါ့နော် အပျိုတော်တို့ ဂဠုန် ၊နဂါးတို့ မေမေ ကဂဠုန်ဆို သမီးကနဂါး ဆွဲတယ် ပြီးတော့ ဘီလူးဆိုလည်း တူတူဆွဲတယ် ကိန္နရီ ကိန္နရာဆိုလည်းတူတူဆွဲတယ်။

ညီမလေးရုပ်သေးပညာနဲ့ အသက်မွေးဝမ်းကျောင်းကို ဘယ်အချိန်ထိလုပ်သွားမှာလဲ။

အခုနောက်ပိုင်းကျတော့ ရုပ်သေးကနိုင်ငံတကာပေါက်နေပြီပေါ့နော် တိုးတက်လာဖို့အခွင့် အလမ်းတွေရှိတယ်ပေါ့ အဲဒီအခွင့်အလမ်းပေါ်မှာ ကိုယ်ကစိတ်ကူးစိတ်သန်းလေးတွေထည့်ပြီး လုပ်ကမှာပေါ့နော် တစ်ခြားအလုပ်လုပ်ဖို့တော့ စိတ်မကူးတော့ဘူး ဒီရုပ်သေးအလုပ် ကိုဘဲဇောက်ချပြီးတော့လုပ်ဖို့ စိတ်ကူးထားတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags