မူးယစ်တိုက်ဖျက်ရေးနေ့တွင် ဖျက်ဆီးရန် သိန်းသုံးသောင်းနီးပါးရှိ မူးယစ်ဆေးမျိုးစုံ ရန်ကုန်ပို့

မူးယစ်တိုက်ဖျက်ရေးနေ့တွင် ဖျက်ဆီးရန် သိန်းသုံးသောင်းနီးပါးရှိ မူးယစ်ဆေးမျိုးစုံ ရန်ကုန်ပို့
ဓာတ်ပုံ-မြိတ်ခရိုင်တပ်ဖွဲ့မှူ းရုံး၌ မူးယစ်ဆေးဝါးများချင်တွယ် စစ်ဆေးခဲ့စဉ်

မြိတ်၊မေ-၃၀ ။            ။ လာမည့် ဇွန်လ ၂၆ ရက်၊ မူးယစ်တိုက်ဖျက်ရေးနေ့တွင် ဖျက်ဆီးရန်အတွက် သိန်းသုံးသောင်းနီးပါးတန်ကြေးရှိ မူးယစ်ဆေးအမျိုးအစားစုံအား မြိတ်ခရိုင်မှ ရန်ကုန်သို့ ပေးပို့မည်ဟု သိရသည်။

မြိတ်ခရိုင်အတွင်း ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ၂၀၁၇ခုနှစ်၊ မေလ ၂၅ ရက်အထိ တရားရုံးမှ စွဲတင်/ ပြီးပြတ်/ အယူခံကျော်လွန်သည့် မူးယစ်ဆေးဝါးများကို တိုင်းဒေသကြီးမှတဆင့်   ပေးပို့သွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ဒုရဲမှူးစောနိုင်က မီဒီယာများသို့ ပြောသည်။

“ကျွန်တော်တို့အပ်နှံမယ့် မီးရှို့ဖျက်စီးမယ့် မူးယစ်ဆေးတွေက မြို့နယ်အဆင့် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ခရိုင်တပ်ဖွဲ့မှူးရုံးကနေ တာဝန်ယူပြီးတော့ ထားဝယ်မှတဆင့် ရန်ကုန်ကို ပို့မှာပါ”ဟု ၎င်းကဆိုသည်။

မြိတ်ခရိုင်ရှိ မြို့နယ်များဖြစ်သည့် မြိတ်မြို့နယ်၊ပုလောမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများဖြစ်ပြီး WY၊ ကတ်တမင်း၊ဘိန်းစာမှုန့် ၊ICE ၊ ဆေးခြောက်နှင့်ဆေးခြောက်စေ့ စုစုပေါင်း ကာလတန်ဖိုး သိန်းသုံးသောင်းနီးပါးခန့်ရှိကြောင်း သိရသည်။

မြိတ်ခရိုင်မြို့နယ် (၄) ခုမှ စုစုပေါင်း WYစိတ်ကြွရူးသွပ်ဆေးပြား (၇၀၂၁၈)ကီလိုဂရမ်၊ ကတ်တမင်း (၉၄၀)ကီလိုဂရမ်၊ ဘိန်းစာမှုန့် (၁၇၇၃.၈၁၇၂၃)ကီလိုဂရမ်၊ Ice(ဝ.၀၀၃၂၃) ကီလိုဂရမ်၊ ဆေးခြောက်(ဝ.၀၆၉၃)ကီလို ဂရမ်၊ ဆေးခြောက်စေ့(ဝ.၀၉၈)ကီလိုဂရမ်၊ ဘိန်းစာရွက်စို (ဝ.၁၁၅)ကီလိုဂရမ်၊ ဘိန်းစာမှုန့်အရည်(ဝ.၀၀၀၈) ကီလိုဂရမ် တို့ဖြစ်ကြောင်း သိရသည်။

“အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ”အခမ်းအနား၌ မူးယစ်ဆေးများဖျက်ဆီးနိုင်ရန်အတွက် မြိတ်ခရိုင်မှ ရန်ကုန်သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယမန်နေ့ မေလ ၂၉ ရက်က မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ယင်းမူးယစ်ဆေးဝါးများကို ချင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းမှ ထားဝယ်မြို့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမူးယစ်ဆေးဝါးများကို ရန်ကုန်၊ မန္တလေးနှင့်တောင်ကြီးမြို့များတွင် လာမည့် ဇွန် ၂၆ ရက် တွင် မီးရှို့ဖျက်ဆီးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly