ပင်လုံညီလာခံပြီးသော်လည်း အရေးကြီးအချက်များ ဆက်ဆွေးနွေးရန်ကျန်ခဲ့ဟု KNU ထုတ်ပြန်

ပင်လုံညီလာခံပြီးသော်လည်း အရေးကြီးအချက်များ ဆက်ဆွေးနွေးရန်ကျန်ခဲ့ဟု KNU ထုတ်ပြန်

ရန်ကုန်၊ မေ ၃၀ ။           ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ပြီးဆုံးပြီဖြစ်သော်လည်း အာဏာခွဲဝေမှုနှင့် အခြေခံဥပဒေဆိုင်ရာကိစ္စရပ်ကဲ့သို့ အရေးကြီးသောအချက်များ ဆက်ဆွေးနွေးရန်ကျန်နေခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား၏ အဓိကမျှော်မှန်းထားသည့် ရည်မှန်းချက်များဖြစ်သော ဖက်ဒရပ်စနစ်အတွက် အရေးပါသည့် ပြည်ထောင်စုအတွင်း ပြည်နယ်များ ၏အရေးပါမှု အခန်းဏ္ဍများ၊ ပြည်ထောင်စုနှင့်   ပြည်နယ်များအကြား  အာဏာခွဲဝေပိုင်းခြားမှု၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပူးတွဲအကောင်အထည်ဖော်ခြင်း စသည်ဖြင့် အရေးကြီးသော အချက်အလက်များမှာ ဆက်ဆွေးနွေးရန်ကျန်နေပါသည် ဟု KNU က မေ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကဏ္ဍအလိုက်ဆွေးနွေးမှုများတွင် လုံခြုံရေးကဏ္ဍ၌ တစ်ခုတည်းသော တပ်မတော် ထားရှိရေးနှင့် ပတ်သက်ပြီး တပ်မတော်အစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အစု အဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့ နှင့် အငြင်းပွားမှုများ ဖြစ်ခဲ့ကြသေးသည်။

အဆိုပါ အချက်၅ ချက်ပါဝင်သည့် KNU ထုတ်ပြန်စာတွင် အထက်ပါ အချက်များ သဘောတူညီမရသေးပါက ဖက်ဒရယ်စနစ်ကျင့်သုံးသည့် ပြည်ထောင်စုအသစ် ပေါ်ထွန်းလာ မည်ဟုတ်ဟု ယုံကြည်ကြောင်းလည်းပါရှိသည်။

နောက်ထပ်ကျင်းပရန်ရှိနေသည့် နိုင်ငံရေးဆွေးနွေးပွဲများသို့ ၂၁ ရာစုပင်လုံအစည်းအဝေးများတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက် အောင်မြင်သည်အထိ KNU မှ ပါဝင်ဆွေးနွေးသွားမည်ဟုလည်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

မေလ ၂၄ ရက်မှ စတင်ကျင်းပနေသည့် ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ကဏ္ဍအလိုက် တတ်သိပညာရှင်များ၊ ဖိတ်ကြားထားသည့် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍ တစ်ခုလျှင် တက်ရောက်ဆွေးနွေးသူ ၁၅၀ ဦးတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags