နယ်/လုံဝန်ကြီးများ နှုတ်ထွက်ကာ ကြံ့ခိုင်ရေးပါတီဝင်ရန်ကိစ္စ လတ်တလော မသေချာသေး

နယ်/လုံဝန်ကြီးများ နှုတ်ထွက်ကာ ကြံ့ခိုင်ရေးပါတီဝင်ရန်ကိစ္စ လတ်တလော မသေချာသေး

ရန်ကုန် (မဇ္ဈိမ) ။ ။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ နှုတ်ထွက်ပြီး ပါတီဝင်ရန် မသေချာမရေရာသေးကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နယ်/လုံဝန်ကြီးများ နုတ်ထွက်ပြီး ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းမည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီး ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)မှ ဝင်ပြိုင်မည်ဟု သတင်းထွက်နေသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လင်းအား မဇ္ဈိမက မေးမြန်းရာ ဘာမှပြော၍မရသေးကြောင်း ဘာမှ သေသေချာချာ ရေရေရာရာ မသိသေးကြောင်း နှင့် ဘယ်ပါတီမှ ဝင်ရန်ပြော၍မရသေးပါဟု သြဂုတ် ၂ရက် ညနေပိုင်းက ဖြေကြားသည်။

 “ကျွန်တော်တို့ ဘာမှမသိရသေးပါဘူး။ အချက်အလက်တွေလည်း ပြောလို့မရသေးပါဘူး” ဟု ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ရှင်းပြသည်။

နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်)အား ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စသည် တပ်ပိုင်းဆိုင်ရာ ကိစ္စဖြစ်သည့်အတွက် ဘာမှမသိသေးဘဲ ဘာမှပြော၍ မရနိုင်သေးကြောင်း ဖြေကြားခဲ့သည်။

အလားတူ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ထွန်းကလည်း တပ်ပိုင်းဆိုင်ရာကိစ္စ များအား မိမိတို့အနေဖြင့် ပြော၍မရကြောင်း ထို့ကြောင့် သတင်းမထုတ်ပြန်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် စနေနေ့က ထွက်ပေါ်လာသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ နှုတ်ထွက်ပြီး ကြံ့ခိုင်ရေးပါတီသို့ ဝင်ရောက်မည့် သတင်းများအား မြန်မာ့နိုင်ငံရေးလေ့လာသူအများစုက စောင့်ကြည့်နေကြပြီး ၎င်းတို့သည် နှုတ်ထွက်ပြီးပါက ရွေးကောက်ခံခြင်း (သို့မဟုတ်) ပြည်ထဲရေးဝန်ကြီးဌာနမှ အလိုအလျောက် အစိုးရအဖွဲ့အတွင်းသို့ တိုက်ရိုက်ခန့်အပ်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly