“ဒါ တိုးတက်မှုတစ်ခုလို့ ပြောလို့ရတာပေါ့လေ ”

“ဒါ တိုးတက်မှုတစ်ခုလို့ ပြောလို့ရတာပေါ့လေ ”

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးရက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းအား မီဒီယာများမှ ဝိုင်းဝန်းမေးမြန်းမှုကို စုစည်းတင်ပြထားသည်။

မေး               ။ ဒီနိုင်ငံက လက်ရှိသွားနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆိုတော့ ဖထီးလက်ခံထားတဲ့ ဖက်ဒရယ် အယူဝါဒက ဘာများ ဖြစ်မလဲ။

ဖြေ။              ။ အခြေခံကတော့ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေသုံးစွဲခြင်းတို့ ဒါတွေပေါ့လေ။ အဓိက ကတော့ အာဏာခွဲဝေမှု ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ ကိစ္စရပ်ပါပဲ။

မေး။              ။ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး လုပ်တယ်၊ ပထမအကြိမ် က စာတမ်းတွေ တင်တယ်။ ဒုတိယအကြိမ်က ကဏ္ဍကြီး ငါးရပ်နဲ့ ဆွေးနွေးပွဲတွေ စလာတယ်။ ဆိုတော့ ဒါက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိုးတက်မှုလို့ ပြောလို့ရလား၊ အရွေ့တစ်ခုလို့ ဆိုနိုင်မလား။

ဖြေ။              ။ အဲ့လိုပြောလို့ရပါတယ်။ အရင်တုန်းက ကျွန်တော်တို့ ဘာမှ သဘောတူညီမှု မရှိခဲ့ဘူး။ အခု NCA လက်မှတ်ရေးထိုးတဲ့ အခါမှာ နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်နဲ့ အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ သဘောထားရှိထားတယ်။ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ပေါ့လေ။ လူမျိုးအလိုက် ဒေသအလိုက် ကဏ္ဍအလိုက်တွေ ဆွေးနွေးလာပြီး ရောက်ရှိလာတဲ့ အဆိုပြုမူဝါဒကို စုံညီအစည်းအဝေးမှာ ဆွေးနွေးသုံးသပ် UPDJC မှာ အတည်ပြုတာပေါ့လေ ။ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ အခြေခံမူတွေပေါ့လေ။ ဒါ တိုးတက်မှုတစ်ခုလို့ ပြောလို့ရတာပေါ့လေ။

မေး။              ။ နှစ်ပေါင်း ၇၀ နီးပါးလောက် ပြည်တွင်းစစ်ဖြစ်လာတယ်။ ငြိမ်းချမ်းရေး ၊ ငြိမ်းချမ်းရေး ဆိုပြီး အစိုးရ အဆက်ဆက်က လုပ်ခဲ့တာရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်က ယုံကြည်မှုဆိုတာ မရှိခဲ့ဘူး။လုပ်လိုက် ၊ ပျက်လိုက် ဖြစ်ဖြစ်နေတယ်။  ဒီအစိုးရလက်ထက်မှာရော ငြိမ်းချမ်းရေး ရရှိမယ်လို့ရော ယုံကြည်ပါသလားခင်ဗျာ။

ဖြေ။              ။ ထာဝရငြိမ်းချမ်းရေးတော့ မဟုတ်ဘူးပေါ့နော်၊ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်တဲ့အနေအထားရှိတယ်လို့ ပြောလို့ရပါတယ်။ မယုံကြည်မှုကတော့ ဒါက လုပ်ဆောင်မှုအပိုင်းမှာ မူတည်တာပေါ့လေ။ သမိုင်းကြောင်းအရ တန်းတူညီမျှမှု မရှိတာတွေ လုပ်သင့်တာမလုပ်တဲ့အတွက်ကြောင့် မလုပ်သင့်တာ လုပ်တဲ့အတွက်ကြောင့် ဒါတွေက ဖြစ်လာခဲ့တာ၊ မယုံကြည်မှုဆိုတာ နှစ်ဘက်စလုံးမှာ  ရှိတယ်လို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ယုံကြည်မှုတွေက တိုးပွားလာမှာပဲ။ တစ်ဖက်နဲ့ တစ်ဖက် ပွင့်ပွင့်လင်းလင်းပြောကြဆိုကြမယ်ဆိုရင် ကျွန်တော်တို့ နားလည်မှု ယုံကြည်မှုက ပိုများလာလိုက်မယ်။

မေး။              ။ အဆိုပြုချက်တွေ ထွက်လာတာလည်း ရှိတယ်။ ဆက်လက်ဆွေးနွေးမယ်ဆိုပြီး ရွေ့ဆိုင်းလိုက်တာလည်း ရှိတယ်။ ဆိုတော့ အဆိုပြုချက်အတည်မဖြစ်တဲ့နေရာမှာ အခက်အခဲတွေက ဘာတွေ ဖြစ်နေလဲ။

ဖြေ။              ။ အခက်အခဲကတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် စည်းလုံးညီညွတ်မှု ရှိဖို့အတွက် ရည်မှန်းပြီးတော့ ဒီစည်းလုံးညီညွတ်မှုတွေကို အာမခံနိုင်မယ့် သဘောတူညီမှုတွေ ရှိဖို့တော့လိုတာပေါ့။ ဒီအပေါ်မှာ ခိုင်မာတဲ့ သဘောတူညီမှုရှိမှလည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာလည်း တည်တည်တံ့တံ့ တည်ဆောက်နိုင်မှာပါ။ဒါကြောင့်မို့လို့ နှစ်ဘက်စလုံးက လက်မခံနိုင်တဲ့ အချက်တွေပေါ်မှာ မူတည်ပြီးတော့ မဆွေးနွေးတာမဟုတ်ဘဲ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

မေး။              ။ ဖထီးတို့ KNU အနေနဲ့ ငြိမ်းချမ်းရေးအပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲ။ ဘယ်လို တည်ဆောက်ချင်ပါသလဲ။

ဖြေ။              ။ အခြေခံက ကျွန်တော်တို့တောင်းဆိုတာကတော့ တန်းတူရေးပါပဲ။တခြားလူမျိုးတွေအပေါ် မတူကွဲပြားမှုတွေကို အသိအမှတ်ပြု လေးစားမှုလေးတော့ ရှိဖို့ လိုအပ်ပါတယ်။မရှိခဲ့လို့လည်း ပဋိပက္ခတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မူလကတည်းက ၁၉၄၈ ကတည်းက ကရင်အမျိုးသားတွေရဲ့ သဘောထားကို တင်ပြပြီးဖြစ်ပါတယ်။ တန်းတူရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာထက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့အနေအထား ဒါတွေပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီနိုင်ငံမှာနေတော့ ဒီနိုင်ငံရဲ့ အကျိုးအတွက် ကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ်။

မေး။              ။ သဘောတူညီချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ် လက်မှတ်ထိုးတော့မယ်ဆိုတော့ UNFC အဖွဲ့တွေရော မြောက်ပိုင်းအဖွဲ့တွေရော မပါတော့ ဘယ်လောက်အထိ တရားဝင်မှု ရှိမလဲ။

ဖြေ။              ။ ရှိပါတယ်။ အားလုံးက လက်ခံနိုင်တဲ့မူ အားလုံးက မဆန့်ကျင်နိုင်တဲ့ မူကိုပဲ သဘောတူပါတယ်။ သူတို့မပါလာပေမယ့်လည်း ဒီမူအပေါ်မှာ လက်ခံတယ်လို့ဆိုရင် ပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။ ဒီမူက တခြားသူက ဆောင်ရွက်လို့ ဒီမူက ဘယ်သူမပါလို့ ဒါကို လက်မခံနိုင်ဘူး ဆိုတဲ့ သဘောမဟုတ်ဘဲနဲ့ အားလုံးက လက်ခံနိုင်မယ့် ကျွန်တော်တို့ နိုင်ငံနဲ့ ကိုက်ညီမယ့် မူဝါဒကို ချနိုင်ခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags