မြန်မာပြည်ရဲ့ရိုးရာ ခြင်းလုံးအတော့၊ အတွဲခတ် ချန်ပီယံ ရွေးပွဲပြုလုပ်မည်

မြန်မာပြည်ရဲ့ရိုးရာ ခြင်းလုံးအတော့၊ အတွဲခတ် ချန်ပီယံ ရွေးပွဲပြုလုပ်မည်

ရန်ကုန်၊ မေလ ၂၉ ။           ။ မြန်မာ့ရိုးရာခြင်းလုံးအားကစား ဖြစ်သည့် ခြင်းလုံးအတော့နှင့် အတွဲခတ်ပြိုင်ပွဲကို ဇွန်လ ၈ ရက်နေ့၊ ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းတွင် စတင်ကျင်းပသွားမည် ဖြစ်သည်။

ခြင်းကြီး၁၀မျိုးထဲမှ မဟာဒူး ဒဲ့ဖဝါးနှင့်စလွယ်ကြီး သုံးမျိုးကိုသာ ယခုနှစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြင်းအတော့အတွဲချန်ပီယံ မြန်မာနိုင်ငံမှာ မရှိသေးသောကြောင့် ချန်ပီယံပေါ်ထွက်လာဖို့ ပွဲကိုပြုလုပ်ရခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။

"မြန်မာပြည်ရဲ့သတ်သတ်မှတ်မှတ်ပေ့ါနော် ။ အတော့အတွဲချန်ပီယံဆိုတာ လိုချင်လို့ ကျင်းပရတာပါ။ ဒါမှ လူတွေက အတော့အတွဲချန်ပီယံဆိုတာကို မက်မောပြီးတော့ ကြိုးစားလေ့ကျင့်လာမယ်ဆိုရင် မြန်မာရိုးရာခြင်းလုံးဟာ တိုးတက်လာမှာပဲဆိုတဲ့ ရယ်ရွယ်ချက်ရှိပါတယ်" ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ခြင်းလုံးကို ပိုက်ကျော်ခြင်းကစားနည်းနှင့်ဝိုင်းခြင်းအားကစားနည်းဆိုပြီး နှစ်မျိုးခွဲပြီးကစားကြကာ ယခုယှဉ်ပြိုင်သောကစားနည်းမှာ ရိုးရာခြင်း ဝိုင်းခြင်းကစားနည်းဖြစ်ပြီး ၁၂ ပေရှိသောစည်းဝိုင်းထဲတွင် ခတ်ပြရမည်ဖြစ်သည်။

ခြင်းလုံး၏ဝင်လမ်းထိချက်ကို ကြည့်ပြီး အမှတ်ပေးမည်ဖြစ်ပြီး မြန်မာရိုးရာနှင့် အပြည်ပြည်ဆိုင်ရာဒိုင်ချုပ် ဖြစ်သော ဦးသိန်းဟန်ကတော့ တစ်ဦးချင်းစီရဲ့အရည်အချင်းကိုဆန်းစစ်ခြင်း ဖြစ်သည်ဟု ပြောသည်။

"ခြင်းပေါက် တစ်ပေါက်ကို ခတ်ကစားတော့မယ်ဆိုရင် ခြင်းဝင်လမ်းရယ် ၊ ထိမဲ့ ကိုယ်အနေအထားရယ် ကို မူတည်ပြီးတော့ အကဲဖြတ့်အမှတ်ပေးပါမှာ ဖြစ်ပါတယ်။ ခြင်းဝင်လမ်း မမှန်လို့ရှိရင် ခြင်းလမ်း ပျက်ပါတယ်။ ခြင်းဝင်လမ်းမှန်ပြီး ထိချက်မှားရင်လည်း ခြင်းကြောပျက်ပါတယ်။ ခြင်းဝင်လမ်းလည်း မှန်မယ်၊ ထိချက်လည်းမှန်မယ် ။ ဒါပေမယ့် ကိုယ်ခတ်လိုက်တဲ့ ခြင်းလုံးရဲ့ခြင်း ထွက်သွားတဲ့အခါမှာ ကျန်ခဲ့ရမယ့် ကိုယ်အနေဟန်ထားက မှားရင်လည်း ခြင်းကြောပျက်ပါတယ်။ အလုံးရေကလည်း နည်းသွားပါမယ်" ဟု ပြောသည်။

မြန်မာ့ရိုးရာခြင်းလုံးကစားနည်းတွင် ခြင်းကြီး၁၀ မျိုးရှိပြီး မဟာဒူး ၊ ဒဲ့ဖဝါး၊ စလွယ်ကြီး၊ ဝှိုက်ကြီး၊ ဒဲ့ဖနောင့်၊ မဟာခြေဖျား၊ ညွန့်ဒူး၊ ရင်လိမ်ဖဝါး၊ ရင်လိမ်ဖနောင့်၊ မဟာညွန့် အစရှိသည်တို့ ဖြစ်သည်။

ရိုးရာခြင်းခတ်ကစားသမား ကိုဖြိုးနောင်နောင်က "ကျွန်တေ်ာတို့ရိုးရာခြင်းက တော်တော်ကို ခက်ပါတယ်။ ပိုက်ကျော်ခြင်းဆိုတာကတော့ ဟိုဘက်နဲ့ ဒီဘက် ပိုက်တားပြီးတော့၊ သူများရဲ့အားနည်းချက်ကို ရိုက်ပြီးတော့၊ ခတ်ရတဲ့အားကစားနည်းပါ။ မြန်မာ့ရိုးရာခြင်းပညာကျတော့လည်း ကကြိုးလေးတွေနဲ့ မြန်မာ့ရိုးရာရဲ့အမွေအနှစ်ကို ပြရတာပါ။ လွယ်မလိုနဲ့ ခက်ခဲနက်နဲတဲ့  ခြင်းပညာပါ။ ခြင်းပေါက် တစ်ပေါက်ရဖို့ကလည်း ဆရာသမားနဲ့ သေသေချာချာလေ့ကျင့်ပြီး ခတ်မှ မင်းသမီးလေးတွေလို လှပနေမှလည်း မြန်မာ့ရိုးရာခြင်းပညာဟာလည်း အသက်ဝင်တာ။ ခြင်းကြီးခြင်းခံတွေဟာလည်း ပျောက်နေတာ အတော်ကြာပါပြီ။ အခုလို ဖော်ထုတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။

မြန်မာ့ရိုးရာခြင်းလုံးအတော့နှင့်အတွဲခတ်ပြိုင်ပွဲ ချန်ပီယံရွေးချယ်ပွဲကို ဇွန်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဖိုင်နယ်ပွဲကို  ဇွန်လ ၁၀ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် နယ်မှ လာရောက်ယှဉ်ပြိုင်သော ကစားသမားတွေအတွက် နေရေး၊ ထိုင်ရေးပြင်ဆင်ပေးထားသည်ဟု မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့ထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly