မပါ၀င်သေးသည့် အဖွဲ့များအား ငြိမ်းချမ်းရေးတွင်ပါ၀င်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်

မပါ၀င်သေးသည့် အဖွဲ့များအား ငြိမ်းချမ်းရေးတွင်ပါ၀င်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်
ဓာတ်ပုံ-မင်းမင်း
 

နေပြည်တော် ၊ မေ ၂၉ ။             ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မပါဝင်သေးသည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ မေလ ၂၉ ရက်က ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့တွင် ဖိတ်ခေါ်လိုက်သည်။

“ကျွန်မတို့လက်ထက် စွန့်လွှတ်မှု စွန့်စားမှုတွေနဲ့ ချလိုက်တဲ့အုတ်မြစ်အပေါ်မှာ နောင်လာမယ့် သားသမီးမြေးမြစ်တွေက ခိုင်မာတင့်တယ်သည့် နိုင်ငံတော်ကြီးကို ဆက်လက်တည်ဆောက် မွမ်းမံသွားကြနိုင်စေချင်ပါတယ်။ ဒီညီလာခံကြီးထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့နဲ့ အတူတကွ လက်တွဲပူးပေါင်းပြီးပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါတယ်” ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

အာဃာတများ၊ နာကျည်းချက်များကိုသာအာရုံထားနေမည်ဆိုပါကခြေကျင်းတွင် သံလုံးဆွဲကာလမ်းလျှောက်သူလို နှေးကွေးလေးလံနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဃာတတရားများကိုစွန့်ပစ်နိုင်မှသာ  လျှင်လျှင်မြန်မြန်ဖြင့် ရှေ့ကိုလျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။

ယင်းအပြင် တပ်မတော်သားအစုအဖွဲ့ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဖက်ဒရယ်ဆိုသည့် စကားလုံးကိုပြောဆိုရန် ခက်ခဲ့သည့် အခြေအနေမှ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုဦးတည်သွားနေသည့် အခြေခံမှု များကိုဆွေးနွေးနိုင်ခဲ့ကြောင်း၊ ယခု ၂၁ရာစု ပင်လုံ၊ ဒုတိယအစည်းအဝေးတွင်အချက်ပေါင်း (၃၇) ချက်ကိုသဘောတူနိုင်ခဲ့သည့် အခြေအနေကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။

“တိုင်းရင်းသားအချင်းချင်းအကြားမှာမတူညီတဲ့ အယူအဆတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်။ အဲ့ဒီလက်နက်ကိုင် ပဋိပက္ခတွေ ကြာရှည်လာတာနဲ့ အမျှ မယုံကြည်မှုတွေ တိုးပွားခဲ့တယ်။ အဲ့ဒီမယုံကြည်မှုတွေ တိုးပွားခဲ့ပြီးဖက်ဒရယ်ဆိုတဲ့ ဝေါဟာရတောင်မှ ကျွန်တော်တို့ မပြောနိုင်တဲ့အနေအထားကိုရောက်ခဲ့ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

သို့သော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အားလက်မှတ်ထိုးမည် မဟုတ်ဟု "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ပြင်ပဆက်ဆံရေးဌာနအကြီးအကဲဦးကျောက်ကော်အမ်းက မေလ၂၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နင့် တွေ့ဆုံအပြီးမီဒီယာများကိုပြောသည်။

"သူ (ဒေါ်အောင်ဆန်းစုကြည်) ပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြင်ထားတာမတူဘူးပေါ့၊ ကျွန်တော်တို့ အရင် NCA ကိုတော့ ထိုးမှာမဟုတ်ပါဘူး "ဟု UWSA အဖွဲ့၏ ပြင်ပဆက်ဆံရေးဌာနအကြီးအကဲ ဦးကျောက်ကော်အန်း က ပြောသည်။

၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး၌ ကဏ္ဍကြီးလေးခုဖြစ်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊  မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ တို့မှ အချက်ပေါင်း ၄၁ ချက်ကို အတည်ပြု ဆွေးနွေးခဲ့သော်လည်း ညီလာခံပဉ္စမမြောက်နေ့၊UPDJC အစည်းအဝေးတွင် အချက် ၃၇ ချက်ကို သဘောတူညီမှု ရရှိခဲ့သည်။

“ပြည်ထောင်စုမှ မည်သည့်အခါမျှ ခွဲထွက်ခွင့်မပြုရ” ဆိုသည့် အချက်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေး၌ အကြိတ်အနယ် ဆွေးနွေးခဲ့သော်လည်းသဘောတူညီမှု မရရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly