မိုးကြီးမှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ရွှေလုပ်ကွက်အချို့ လုပ်ငန်းရပ်တန့်ထားရ

မိုးကြီးမှုကြောင့် မန္တလေးတိုင်းအတွင်းရှိ ရွှေလုပ်ကွက်အချို့ လုပ်ငန်းရပ်တန့်ထားရ

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကာ ရွှေတူးဖော်ရေး လုပ်ကွက်အများအပြားရှိသော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် ရွှေလုပ်ကွက်အများစုမှာ လုပ်ငန်းမလည်ပတ်နိုင်ဘဲ ရပ်တန့်ထားရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။

မန္တလေးတိုင်းမှ ရွှေလုပ်ငန်းရှင်တဦးဖြစ်သည့် ဦးဌေးကိုက "ခုဆိုရင်တို့လုပ်ကွက်တွေရှိတဲ့ ကောလင်းမှာဆို ရွှေတွေ့နေမှမိုးကတအားကြီးလာတော့ ရွှေတွင်းလည်း ရေမြုပ်တဲ့အထဲပါသွားတယ်။ လုပ်ငန်းတွေ ရပ်ရတာပေါ့" ဟု လက်ရှိရွှေလုပ်ငန်းအခြေအနေများနှင့်ပတ်သတ်၍ပြောကြားသည်။

ရွှေလုပ်ကွက်အများစုရှိရာဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း၊ စဉ့်ကူး မြို့နယ်များနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ရွှေလုပ်ကွက်များအတွင်း လုပ်ကိုင်လျက်ရှိသော အလုပ်သမားအများစုမှာလည်း လုပ်ငန်းခွင်ဝင်ရန် အခက်အခဲများရှိနေသောကြောင့် အလုပ်ရှင်များအနေဖြင့် လုပ်ငန်းမလည်ပတ်နိုင်ဘဲ ဝန်ထမ်းစရိတ်များစွာ ကုန်ကျလျက်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

ယခုနှစ်မိုးရာသီမှာ ယခင်နှစ်များထက် ရေကြီးရေလျံမှုများသော်လည်း ပြည်တွင်းရွှေဈေးကွက်မှာ ပုံမှန်အတိုင်းသာ လည်ပတ်လျက်ရှိသည်ဟု အောင်သမာဓိရွှေဆိုင်မှ ဦးအောင်က ပြောသည်။

၎င်းက "ဒါကတော့ မိုးရာသီဆိုလုပ်ငန်းသဘာဝအရတော့ ပုံမှန်ရွှေအဝင်က ပြည်တွင်းဈေးမှာ တဝက်လောက်လျော့လေ့ရှိတယ်။ ဒီနှစ်ကခုထိတော့ ပုံမှန်ပဲသွားနေတယ်။ သွားရေးလာရေးကတော့ ခက်ခဲတာပေါ့လေ" ဟုဆိုသည်။

မိုးရာသီကာလများအတွင်း ရွှေလုပ်ငန်းရှင်များအနေနှင့် ယခင်ကထွက်ရှိထားသော ဗြုန်းများအား ကြိတ်ခွဲသန့်စင်ကာ ရွှေကိုထုတ်ယူ၍ ပြည်တွင်းဈေးကွက်သို့ ပုံမှန်တင်ပို့နေသောကြောင့် ဈေးကွက်မှာ ပုံမှန်အတိုင်းရှိနေသည်ဟု သိရသည်။
       
သြဂုတ် ၁ရက်အထိ ပြည်တွင်းရွှေဈေးမှာ အကယ်ဒမီရွှေတကျပ်သား-၆၉၆,၀၀၀ ဝယ်ဈေး ရောင်းဈေး ၆၉၇,၀၀၀ကျပ်ဖြင့် ပုံမှန်ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ဟုလည်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly