လေတိုက်နှုန်း မိုင်၁၂၀ ဟု ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသတိပေးချက်ထုတ်

လေတိုက်နှုန်း မိုင်၁၂၀ ဟု ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းသတိပေးချက်ထုတ်
ဓာတ်ပုံ-မိုးဇလ

စစ်တွေ၊ မေ ၂၉ ရက်။                    ။ ရခိုင်ကမ်းရိုးတန်းဒေသသို့ နောက်ထပ် ၄၈ နာရီအတွင်း မုန်တိုင်းဝင်ရောက်နိုင်ကြောင်း သတိပေးချက်များကို နိုင်ငံတော်အဆင့် ရုပ်သံမီဒီယာများ အပါအဝင် မိုးလေဝသကျွမ်းကျင်ပညာရှင်များက တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၄၀ မှ ၄၅ မိုင်ထိ တိုက်ခတ်နိုင်ကြောင်း သတင်းထုတ်ပြန်နေသော်လည်း ပြည်နယ်အတွင်း၌ တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀ ထိ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်လျက်ရှိသည်။

“မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် Facebook စာမျက်နှာပေါ်မှာက တစ်နာရီလေတိုက်နှုန်း ၄၀မှ ၄၅ မိုင် အထိဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အတိကျဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ ကြိုတင်ပြီး ပြင်ဆင်ထားလို့ ရအောင်အတွက် တစ်နာရီကို ၁၂၀ နှုန်းနဲ့ ကြော်ငြာခိုင်းလိုက်တာဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်ဖက်ရှိ ပင်လယ်ရေပြင်ကို ဗဟိုပြုလျက်ရှိသော TC 02B အမည်ရှိ မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းသို့ ချဉ်းကပ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ   ပြုလုပ်နိုင်ရန် နိုင်ငံပိုင် ရုပ်သံ မီဒီယာများနှင့် မိုးလေဝသဇလဗေဒပညာရှင်များက အချိန်နှင့် တစ်ပြေးညီ သတိပေးနေသလို ရခိုင်ပြည်နယ် အတွင်း၌လည်း   ပြည်နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် မိုင်၁၂၀ထိ ရှိနိုင်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မုန်တိုင်းသတိပေးချက်အား မေလ ၂၈ ရက်နေ့မှ စတင်ကာ သတိပေးထုတ်ပြန်နေခြင်းဖြစ်ပြီး စစ်တွေမြို့ရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း ပြည်သူများအား အဆိုပါ မေလ ၂၈ရက်နေ့ ညနေ ၄ နာရီအချိန်မှ စတင်ကာ သတိပေးထုတ်ပြန်လျက်ရှိသည်။

“လေတိုက်နှုန်း တစ်မိုင်ကို ၁၂၀ နှုန်းအထိ တိုက်ခတ်နိုင်တယ်လို့ ထွေအုပ်ရုံးက ကျွန်တော်တို့ကို ဖုန်းဖြင့် အကြောင်းကြားပြီး ကြော်ငြာခိုင်းပါတယ်” ဟု ဓညဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး   ဖြူမောင်သိန်းက ပြောသည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေနှင့် လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ဝန်းကျင်သည် နှစ်စဉ် ကြုံတွေ့နေရခြင်း ဖြစ်သဖြင့် တစုံတရာ ကြောက်လန့်ခြင်း မရှိသော်လည်း ယခုလို တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀ ထိ ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း ပြည်နယ်အတွင်း ကြေညာထားသဖြင့် ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း တွေ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly