ဝန်ကြီးလမ်းကြောင်းကို ကြိုဆိုသူများ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

ဝန်ကြီးလမ်းကြောင်းကို ကြိုဆိုသူများ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံရ

မုံရွာ၊ မေ ၂၇ ။               ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် မေ ၂၄ ရက်က ဝန်ကြီးလမ်းကြောင်းအား ကြိုဆိုသူများကို မေ ၂၆ရက်တွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း ဟုမ္မလင်းမြို့မရဲစခန်းမှူး ဒုရဲမှူးကြီးကြည်စိုးက အတည်ပြုပြောသည်။

ဟုမ္မလင်းမြို့နယ်၊ ကုန်တင်ကုန်ချအလုပ်သမား ၂၀ ခန့်မှ ဝန်းကြီးများလာရောက်ရာလမ်းကြောင်းတွင် ဆိုင်းဘုတ်များထောင်ကာ ကြိုဆိုခဲ့ကြပြီးနောက် ယင်းသို့အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဝန်ကြီးကြိုဆိုရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

"ဝန်ကြီးချုပ်လာမယ်ကြားလို့ မြို့ပြင်မှာ ထွက်ပြီးကြိုတာပါ။ အခုလို ကြိုဆိုတယ် ဆိုတာလည်း ကိုယ့်ဒေသမှာမရှိဖူးဘူး။ ဒါ့ကြောင့်မို့ မြို့ပြင်မှာထွက်ပြီး ကြိုဆိုခဲ့တာပါ။ ဒါကိုပဲ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်ဆိုတော့ တစ်ခုခုတော့ လွဲနေသလိုပါပဲ" ဟု ဝန်ကြီးကြိုဆိုရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်အား ကြိုဆိုပါ၏၊ ၂၁ ရာစုပင်လုံညီလာခံကိုထောက်ခံပါ၏၊ ငြိမ်းချမ်းရေးဖော်ဆောင်နေသော အဖွဲ့အစည်းများအား ကျေးဇူးတင်ပါ၏၊ ကုန်တင်ကုန်ချအလုပ်သမားရုံးအား ပါတီတစ်ခုမှသိမ်းဆည်းထားခြင်းအား အရေးယူပေးပါရန် စသည့်အချက်များကို ဆိုင်းဘုတ်ကိုင်ကာကြိုဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့မရဲစခန်းမှူး ဒုရဲမှူးကြီးကြည်စိုးက "ဝန်ကြီးတွေလာတာကို ကြိုဆိုလို့ အမှုဖွင့်တာတော့မဟုတ်ပါဘူး၊ သူတို့ရဲ့ လိုအပ်ချက်ပြသနာကို ဖြေရှင်းပေးဖို့ဆိုတဲ့ ဆိုင်းဘုတ်လည်းပါတယ်။ ဒေသအစိုးရကို ဆန္ဒထုတ်ဖော်တဲ့အနေအထားဖြစ်နေတယ်။ ဒါ့ကြောင့်မို့ အမှုဖွင့်ခဲ့တာပါ။" ဟု မဇ္ဈိမကိုပြောသည်။

ဟုမ္မလင်းမြို့နယ်အလုပ်သမားအဖွဲ့အစည်းမှ ၎င်းအဖွဲ့ပိုင် ရုံးခန်းအား ပါတီတစ်ခုမှ သိမ်းဆည်းထားခြင်းအပေါ် ပြန်လည်ပေးအပ်ရန်အတွက် မေ ၃ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly