ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအမည်ဖြင့် သာသနာအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု မဘသ(ဗဟို) ထုတ်ပြန်

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအမည်ဖြင့် သာသနာအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဟု မဘသ(ဗဟို) ထုတ်ပြန်

ရန်ကုန်၊ မေ ၂၈ ။            ။ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အမည်ဖြင့် တိုင်းပြည်နှင့် လူမျိုးဘာသာသာသနာအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ(ဗဟို)က ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့၊ အောင်ဆန်းတောရတပ်ဦးကျောင်းတွင် မေလ ၂၇ ရက်၊ ၂၈ ရက်တွင် ၂ ရက်တိုင်ကျင်းပခဲ့သည့် မဘသအဖွဲ့ဝင်များ အထူးအသိပေးရှင်းလင်းပွဲအပြီး မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဖြစ်သည့် အင်းစိန်၊ ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသ လက်မှတ်ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကြေငြာချက်တွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များအား အလေးဂရုပြုသောအားဖြင့် "မဘသ" အမည်ကို မသုံးစွဲဘဲ  "ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း" အမည်ဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဟု ဖော်ပြထားသည်။

ယင်းအပြင် ၂၃-၅-၂၀၁၇ ရက်စွဲပါ မဟန ကြေညာချက်နှင့် ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများသည် မည်သို့မျှ သဘောမထားဘဲ သူတော်ကောင်း ပီသစွာ ခန္တီမေတ္တာ လက်ကိုင်ထားလျက် မိမိတို့ချစ်မြတ်နိုးသော အမျိုးဘာသာ၊ သာသနာကို ဓမ္မဝိနယနှင့်အညီ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြို့နယ်၊ တိုက်နယ် အသီသီးရှိ မဘသအဖွဲ့များ အနေဖြင့်"ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း" အမည်ဖြင့် တိုင်းပြည်နှင့်လူမျိုးဘာသာ သာသနာအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။

မေလ ၂၇ ရက်မှ မေလ ၂၈ ရက်အထိ ၂ ရက်တိုင်ကျင်းပခဲ့သည့် အဆိုပါ အထူးအသိပေးရှင်းလင်းပွဲကို မူလက မဘသ (၄) နှစ်ပြည့် ညီလာခံအဖြစ် ကျင်းပရန်ရည်ရွယ်ခဲ့သော်လည်း မဟန (နိုင်ငံတော်သံဃမဟာနာယက) ဆရာတော်ကြီးများက မဘသအမည်ကို ဆက်လက်မသုံးစွဲရန် နှင့် မဘသညီလာခံကိုလည်း မကျင်းပရန် ဝန်ခံလက်မှတ်ရေးထိုးခိုင်းခဲ့သဖြင့် အထူးအသိပေးရှင်းလင်းပွဲအမည်ဖြင့်သာ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အထူးအသိပေးရှင်းလင်းပွဲ အခမ်းအနားကို အနယ်နယ်အရပ်ရပ်မှ ရဟန်းသံဃာ -၄၄၄၃ -ပါး၊ သီလရှင် ဆရာကြီး၊ဆရာလေးများ-၅၄၈ -ပါး၊ လူပုဂ္ဂိုလ်-၅၃၈၂- ဦး၊ ပြည်ပသံဃာ/လူပုဂ္ဂိုလ်- ၂၆ ဦး၊ လုံခြုံရေး/ဝေယျာဝစ္စ ပြုလုပ်သူ -၃၀၀၀ ဦး စုစုပေါင်း ၁၃,၄၇၈ ဦး တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly