NLD အစိိုးရ၏ ဒုတိယဘဏ္ဍာနှစ်အစ FDI ပမာဏ ၁ ဘီလီယံနီးပါးဖြင့် တာထွက်ကောင်း

NLD အစိိုးရ၏ ဒုတိယဘဏ္ဍာနှစ်အစ FDI ပမာဏ ၁ ဘီလီယံနီးပါးဖြင့် တာထွက်ကောင်း

လျာထားချက် ကန်ဒေါ်လာ ၆ ဘီလီယံပြည့်မှီရန် အလားအလာကောင်းဟု MIC ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ- NLD အစိုးရ၏ ဒုတိယဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ မေလတတိယပတ်အထိ အသစ်ဝင်ရောက်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ရှိရင်းစွဲရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ခြင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်ခြင်းတို့မှ အမေရိကန်ဒေါ်လာ၁ ဘီလီယံနီးပါး (ကန်ဒေါ်လာ ၉၃၄.၀၉၂ သန်း)ကိုခွင့်ပြုထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်-MIC က မေလ ၂၂ ရက်တွင် မီဒီယာများကို အသိပေးပြောဆိုထားသည်။

ရင်းနှီးမြှုပ်နှံမှုများအဖြစ် နိုင်ငံခြားလုပ်ငန်း ၄၃ ခု (ရင်းနှီးမြှုပ်နှံမှုပမာဏ-ကန်ဒေါ်လာ ၈၁၈.၄၉၉ သန်း)၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအဖြစ် ကန်ဒေါ်လာ ၁၀၅.၀၉၃ သန်း၊ ယင်းဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုပမာဏကန်ဒေါ်လာ ၁၉.၅၀၀ သန်းစသည်တို့ကို ခွင့်ပြုထားခြင်းဖြစ်၍ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး ( ဒေါ်လာ ၉၃၄.၀၉၂ သန်း) ဝင်ရောက်ထားသည်ကို တွေ့ရသည်။

ထိုကဲ့သို့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အစပထမ ၂ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ ဘီလီယံနီးပါး ဝင်ရောက်ထားနိုင်သော ကြောင့် အဆိုပါ ဘဏ္ဍာနှစ်တစ်ခုလုံးအတွက် မျှော်မှန်းထားသော လျာထားတန်ဘိုး ပမာဏ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို ပြည့်မှီနိုင်ရန် အလားအလာကောင်းသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောသည်။

“အခုနှစ်လအတွင်းမှာ ၁ ဘီလီယံနီးပါးခွင့်ပြုပြီးဖြစ်တဲ့ အတွက်ကြောင့် ဒီဘဏ္ဍာနှစ်အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး အလားအလာကောင်းတယ်”ဟု ဦးဆန်းမြင့်က ဆိုသည်။

မတ်လ ၃၁ ရက်က ကုန်ဆုံးခဲ့သော ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုပြုရန် ခွင့်ပြုထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံပမာဏမှာအမေရိကန်ဒေါ်လာ ၆ ဘီလီယံခွဲကျော် (ဒေါ်လာ ၆၆၄၉.၈၁၂ သန်း)ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသောစာရင်းများတွင် ဖော်ပြထားသည်။

ယင်းဘဏ္ဍာနှစ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဦးဆောင်သော အစိုးရသစ်တစ်ရပ်၏ အစပထမဆုံးဘဏ္ဍာနှစ်လည်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပေးရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ် အကိုင်သစ်များဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပဈေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေးဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကိုလိုက်နားခြင်းစသည့်အချက်များကိုအခြေခံ၍ စိစစ်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစာရင်းများအရ တပ်မတော်အစိုးရလက်ထက်ဖြစ်သည့် ၁၉၈၈-၈၉ ဘဏ္ဍာနှစ်မှ NLD အစိုးရလက်ထက်ကနဦးဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အထိ နိုင်ငံခြားလုပ်ငန်းပေါင်း၁၂၄၆ခုနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဘိုးပေါင်းအမေရိကန်ဒေါ်လာဘီလီယံ ၇၀ ကျော်ရရှိထားသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly