မဘသနောက်ကွယ်တွင် ကြိုးကိုင်သူမရှိဟု ဦးဝီရသူ မိန့်ကြား

မဘသနောက်ကွယ်တွင် ကြိုးကိုင်သူမရှိဟု ဦးဝီရသူ မိန့်ကြား

ရန်ကုန်   မေ   ၂၇ ။              ။ မဘသ၏နောက်ကွယ်တွင်  ကြိုးကိုင်သူမရှိဟု ဆရာတော်ဦးဝီရသူက မိန့်ကြားလိုက်သည်။

အင်းစိန်မြို့နယ်၊အောင်ဆန်းတောရတပ်ဦးကျောင်းတွင်  ယနေ့မေလ ၂၇ ရက်က ပြုလုပ်ခဲ့သည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(ဗဟို)က မဘသအဖွဲ့ဝင်များကို အထူးအသိပေးရှင်းလင်းပွဲ၌ ယခုကဲ့သို့ မိန့်ကြားခဲ့ ခြင်းဖြစ်သည်။

" ရွာမဆရာတော်ကြီး ကနေစပြီး ဒီကနေ့ ဟိုနောက်ဆုံးမှာထိုင်နေတဲ့ ကိုရင်လေးတွေအထိဟာ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးတဲ့စိတ်တစ်ခုတည်းနဲ့ တင် ဒီအဖွဲ့အစည်းကြီးထဲမှာ ဝင်ရောက်ပြီး သက်စွန့်ဆံဖျား အလုပ် လုပ်နေရတာပါ။သူတို့ရဲ့ဆောင်ရွက်ချက်တွေမှန်သမျှ အကုန်လုံးဟာ သူတို့ရဲ့ကိုယ်ပိုင်ဦးနှောက် အတွေးအခေါ်တွေနဲ့ပါ။ဘယ်သူမြှောက်ပင့်လို့မှ မဟုတ်သလို ဘယ်သူထောက်ပံ့လို့မှလည်း မဟုတ်ပါဘူး။ မဘသရဲ့ နောက်ကွယ်မှာ ဘယ်သူမှ ကြိုးမကိုင်ပါဘူး။မဘသကို ကြိုးကိုင်နေတဲ့အရာတော့ရှိတယ်။အဲဒါ မျိုးချစ်စိတ်" ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့သည်။

ထို့အပြင် ဆရာတော်ဦးဝီရသူက ယနေ့မှစ၍ မဘသအမည်ကနေ ဗဓတ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမည်ပြောင်းသွားပြီဖြစ်ကြောင်းလည်း  မိန့်ကြားခဲ့သည်။

ယင်း အခမ်းအနားသည် မေလ ၂၃ ၇က်နေ့၊နိုင်ငံတော်သံဃနာယကအဖွဲ့ ၄၇ ပါးစုံညီ ပဉ္စမအထူးအစည်းအဝေး က ဆုံးဖြတ်ခဲ့သည့် မဘသနဲ့စပ်လျဉ်းသည့် ဆုံးဖြတ်ချက် ၄ ရပ်ကို တိုင်းနယ်ပြည်နယ် အသီးသီးက မဘသအဖွဲ့ ဝင်များကို အသိပေးရှင်းလင်းခဲ့ခြင်းဖြစ်ပြီး မေလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၂ ရက်တိုင် ကျင်းပသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly