YBS ၂၀ တွင် ခရီးစဉ် စဆုံး ၃၀၀ ကျပ်သာ ကောက်ခံမည်ဟု ဆို

YBS ၂၀ တွင် ခရီးစဉ် စဆုံး ၃၀၀ ကျပ်သာ ကောက်ခံမည်ဟု ဆို

ရန်ကုန်၊မေ၂၇ ။           ။ သခင်မြပန်းခြံမှ လှိုင်သာယာကို ပြေးဆွဲနေသည့် ယာဉ်လိုင်း ၂၀ တွင် ယာဉ်စီးခ ပုံသေ ၃၀၀ ကျပ် ကောက်ခံမှု ရှိခဲ့သော်လည်း ကားသစ်ပြေးဆွဲသော ပထမဆုံးနေ့၌   ကောက်ခံခဲ့ခြင်းဖြစ်ပြီး နောက်ရက်များတွင် လမ်းပိုင်းအလိုက်ကောက်ခံသွားမည်ဟု Omini Focus မှ သိရသည်။

Omini Focus ကုမ္ပဏီမှ တရုတ်နိုင်ငံထုတ် Foton ကားအသစ်များဖြင့် YBS ၅၆ နှင့် ၂၀ တွင် မေလ ၂၅ ရက်မှစတင်ကာ ပြေးဆွဲနေပြီး  သခင်မြပန်းခြံမှလှိုင်သာယာအထိ ပြေးဆွဲသော YBS ၂၀ တွင် ပိုက်ဆံပုံးပေါ်၌ စာရွက်နှင့် ပုံသေ ၃၀၀ကျပ် ဟု ကပ်ထား၍ ပုံသေ ၃၀၀ ကျပ် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ ထိုကဲ့သို့ ပုံသေ၃၀၀ကျပ်ကောက်ခံခြင်းသည် ကားသစ်ပြေးဆွဲသော ပထမဆုံးနေ့၌သာဖြစ်ပြီး နောက်ရက်များတွင် လမ်းပိုင်းအလိုက်ကောက်ခံသွားမည်ဖြစ်ကြောင်း Omini Focus မှ Control Room နှင့် Customer Service တာဝန်ခံ ကိုအုပ်ကျော်စိုး ကဆိုသည်။

"အစအဆုံးကို အရင်ကားအစုတ်တွေ စီးမယ်ဆိုလည်း သုံးရာပဲနော် ။ သုံးရာပဲ ကျပါတယ် ။ အခု ကျွန်တော်တို့ကားတွေဟာ ဒါအသစ်ဗျာ ။ ၂၀၁၇ ကို မတ်လပိုင်းမှာ ထုတ်တဲ့မော်လ်ဒယ်တွေ ကျွန်တော်တို့အဲကွန်း အမြဲတမ်းဖွင့်ပေးထားပါတယ်။ Customer Services ကတော့ ကျွန်တော်တို့ကို စိတ်ချပါ ။ တခြားဟာနဲ့ မတူစေရပါဘူး ။ ဒီလိုမျိုး ဒီပြဿနာတွေကို ကျွန်တော်တို့နားလည်ပါတယ် ။ ကျွန်တော်တို့အခုက စဆွဲတာဆိုတော့လေ ။ ကျွန်တော်တို့ ဒီကောင်တွေကို စပြီးတော့ လမ်းကြောင်းပေါ်ရောက်ဖို့ကို ကျွန်တော်တို့ အလုပ်လုပ်ရတဲ့အချိန်ဗျာ။ ၅ ရက်လောက်ပဲ ရှိတယ် ။ အဲဒါက ကျွန်တော်တို့ အမြန်ဆုံးလုပ်တာပေါ့နော် ။ ဒီအတွက် အကယ်၍ စီးနင်းသူတွေအနေနဲ့ အခက်အခဲ ဖြစ်သွားရင် တောင်းပန်ပါတယ် ။ ကျွန်တော်တို့အခု ဒီနေ့ကစပြီး လမ်းပိုင်းနဲ့ သတ်မှတ်လိုက်ပါပြီ။   နောက်ပိုင်း စမတ်ကဒ်စနစ် သုံးပါမယ်"ဟု Omini Focus မှ ကိုအုပ်ကျော်စိုးက ပြောသည်။

လမ်းပိုင်းအလိုက် ကောက်ခံရာတွင် သခင်မြပန်းခြံကနေ သိမ်ဖြူထိ မြို့တွင်း တစ်ရာကျပ်နဲ့ ပုံမှန်ခရီးစဉ်ဖြစ်သည့် သိမ်ဖြူမှ လှိုင်သာယာအထိ ၂၀၀ကျပ် ၊ ခရီးစဉ် အစဆုံးအတွက် ၃၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်သည်။

ထိုသို့ စတင်ပြေးဆွဲသည့်ရက်က ယာဉ်စီးခ ပုံသေ ၃၀၀ ကျပ် ကောက်ခံခဲ့သည့်အပေါ် အရေးယူမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်မှု ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ ဒေါက်တာမောင်အောင်က ပြောသည်။

"မရှိဘူး(အရေးယူဖို့) ။ သူ့ရဲ့မူလလမ်းကြောင်းက တကယ်တန်းပြောမယ်ဆိုရင် သိမ်ဖြူထိပဲ ။ အဲဒါကို ၂၀၀ ကောက်တယ်ပြောတယ် ။ သူက ဒီကို ပြန်ပတ်လိုက်သေးတယ်ပြောတယ် ။ သူက ဒီကို မပတ်ဘဲနဲ့ မြို့တွင်းပတ်ကားစီးမယ်ဆိုရင် တစ်ရာပဲလေနော် ။ အဲဒါကြောင့် ကျွန်တော်တို့ အရင်ဆွေးနွေးတယ် ။ ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ လုပ်ခဲ့တာ လမ်းကြောင်းလေ"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အတွင်းရေးမှူး  ဒေါက်တာမောင်အောင်က ဆိုသည်။

ထိုသို့ပြောဆိုထားသော်လည်း YBS ၂၀တွင် မေလ ၂၆ ရက် ညနေအချိန်ထိ လှိုင်သာယာမှ ကြည့်မြင်တိုင်အထိ ၃၀၀ ကျပ် ကောက်ခံနေသည်ကို တွေ့ရှိခဲ့ရသည်။ လိုင်းနံပါတ် ၂၀သည် ယခင်က သိမ်ဖြူကနေ လှိုင်သာယာအထိကို တာမွေ၊ မြေနီကုန်း၊ ကြည့်မြင်တိုင် တို့ကို ဖြတ်ကာ ပြေးဆွဲနေခဲ့သည်။

ယခုလက်ရှိတွင် သခင်မြပန်းခြံမှ သိမ်ဖြူ၊ တာမွေ၊ မြေနီကုန်း၊ ကြည့်မြင်တိုင် တို့ကိုဖြတ်ကာ ပြေးဆွဲနေပြီး ယာဉ်စီးခကို ခရီးစဉ်အပိုင်းအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly