နွယ်ငြိမ်းရွာ သို့မဟုတ် စဉ့်ထည်တို့ရဲ့ ဇာတိမြေ (အပိုင်း ၂)

27 May 2017
နွယ်ငြိမ်းရွာ သို့မဟုတ် စဉ့်ထည်တို့ရဲ့ ဇာတိမြေ (အပိုင်း ၂)
 

မြေထည်တွေကို ဒီနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ထောင်ချီကာလကတည်းက ပြုလုပ် သုံးစွဲခဲ့ကြပါတယ်။ ဒီနေ့ခေတ်အထိလည်း အသုံးပြုနေရဆဲပါ။ မြေထည်လက်မှုပညာကနေ အဆင့်မြင့်လာခဲ့တာ စဉ့်ထည်နဲ့ ကြွေထည်လုပ်ငန်းတွေဖြစ်လာပါတယ်။ ဒီတစ်ခါမှာတော့ စဉ့်ထည်လုပ်ငန်းတွေအကြောင်း လေ့လာရအောင်ပါ။ မြန်မာပြည် အထက်ပိုင်းရဲ့ စဉ့်ထည်လုပ်ငန်း ထွန်းကာရာ ဒေသတစ်ခုကလည်း  ရွှေဘိုနယ်ထဲမှာပဲ ရှိနေပါတယ်။

စဉ့်ထည်တို့ရဲ့ ဇာတိချက်ကြွေ ...နွယ်ငြိမ်းရွာ

နွယ်ငြိမ်းရွာ တစ်ရွာလုံးက စဉ့်ထည်လုပ်ငန်းတွေနဲ့ အသက်မွေးကြပါတယ်။ ဒါကြောင့် စဉ့်ထည်တို့ မွေးဖွားရာ အရပ်ရယ်လို့ တင်စားပြီး ရေးကြပြောကြသလို..ရွှေဘိုလာရင်လည်း ရောက်အောင် သွားကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ နွယ်ငြိမ်းရွာက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ထဲမှာ ရှိပါတယ်။ ရွှေဘိုရောက်လို့ နွယ်ငြိမ်းကို ခရီးဆက်မယ်ဆိုရင်တော့ ရွှေဘိုရဲ့ အရှေ့ဘက်ဆီထွက်ခဲ့ပါ။

အညာရဲ့ဆောင်းမနက်ခင်းကို မြင်ရဖို့အတွက် ရွှေဘိုမြို့ကနေ မနက်စောစော ထွက်ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတော့  ယာခင်းထဲကို သွားနေတဲ့ တောင်သူဦးကြီးတွေရဲ့ လှည်းတွေကို တွေ့နေ ရတယ်။ မနက်ခင်းမို့ လှည်းတွေသွားတိုင်း ဖုန်တွေက ခပ်သိပ်သိပ်ထနေတယ်။ အညာဒေသရဲ့မနက်ခင်းက ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါ။ သိပ်ကိုလှလွန်းပါတယ်။

အရင်တုန်းကတော့ နွယ်ငြိမ်းရွာက ကျောက်မြောင်းတိုက်နယ်ထဲမှာပါ။ အခုတော့ ကျောက်မြောင်းမြို့ အမှတ်(၄)ရပ်ကွက် နွယ်ငြိမ်းဖြစ်နေပါပြီ။ နွယ်ငြိမ်းက ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၆၆ဝ မှာရှိနေပြီး ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပေါ်မှာ ရှိပါတယ်။

ဒီ နွယ်ငြိမ်းရွာလေးဟာဆိုရင် ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ထဲမှာ ရှိနေပါတယ်။ ရွှေဘိုမြို့ကနေ ၁၇ မိုင်လောက် လာမယ်ဆိုရင်တော့ ဒီ နွယ်ငြိမ်းရွာလေးကို ရောက်မှာပါ။ ဒီ နွယ်ငြိမ်းရွာလေးကတော့ စဉ့်ထည်လုပ်ငန်းတွေနဲ့ပဲ တစ်ရွာလုံး အသက်မွေးကြတယ်လို့ သိထားကြပါတယ်။   

နွယ်ငြိမ်းမှာ ဦးတင်ရဲ့ ဟံဝင်းစော စဉ့်ထည်လုပ်ငန်းဆိုတာ ရှိပါတယ်။ အလုပ်သမား (၁၂၀) လောက်နဲ့ လည်ပတ်နေတဲ့ ဟံဝင်းစော စဉ့်ထည်လုပ်ငန်းက လုပ်ငန်းကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ အိုးလုပ်ရုံတွေ၊ အိုးဖုတ်ဖိုတွေနဲ့ စဉ့်ရည်သုတ် လေသလပ်ခံတဲ့ နေရာတွေက မြေဧကကျယ်ကျယ်မှာ နေရာယူထားပါတယ်။

ဦးတင် (ဟံဝင်းစော စဉ့်ထည်လုပ်ငန်း)

အကြမ်းမျဉ်းကတော့ ဦးတို့ အိုးလုပ်ငန်းမှာ မြေ နှစ်မျိုးနှစ်စား သုံးရတယ်။ အရပ်ခေါ် သံကျောက်လို့ခေါ်တဲ့ မြေနီရယ် နောက် မြေနုရယ် နှစ်မျိုး သုံးတယ်ပေါ့။ မြေနီက နှစ်ဆ မြေနုက သုံးဆသုံးတယ်။ အဲဒါကို ဦးတို့က မြေကျင်းတူးစရာမလိုဘူး တောင်တွေကနေ ဖြိုယူလာပြီးတော့ ထွေလာတွေနဲ့တိုက်လာတယ်။ ဒီကို ဂဲကြီးတွေ ရောက်လာတယ်ပေါ့။ ရောက်တော့ ဂဲခွဲစက်နဲ့ခွဲပြီးတော့ ကိုယ်ကြိုက်တဲ့အချိုးအစားကို ရောတယ်။ ရောပြီးတော့ မြေမှုန့်ဖြစ်အောင် စက်နဲ့ပဲ ကြိတ်တယ်။ ကြိတ်ပြီးရင် မြေမှုန့်ရတယ်။ မြေမှုန့်ရရင် စက်နဲ့ပဲ မြေနယ်စက်နဲ့နယ်လိုက်တယ်။ နယ်ပြီးလို့ ထွက်လာတဲ့မြေကျတော့ ဦးတို့က အိုးလုပ်ဖို့အတွက် အရန်သင့်မြေရပြီး။ အဲဒီမြေကျမှ ဦးတို့က ပန်းအိုးလိုချင်ရင် ပန်းအိုးဒီဇိုင်း အိုးကြီးလိုချင်ရင် အိုးကြီးဒီဇိုင်း ကိုယ်ကြိုက်တဲ့ဒီဇိုင်းကို ကိုယ်ကျွမ်းကျင်တဲ့သူနဲ့ ပုံဖော်တာပေါ့လေ။

ပုံဖော်တယ်ဆိုတာက အိုးကြီးဆိုတာက ၂ ရက်လုပ်ရတယ်။ ၁၅၀ ဝင်အိုး။ အပေါ်ဝိတ်ခံနိုင်အောင် အောက်ပိုင်းကို တစ်ရက်လုပ်ရတယ်။ အခြောက်ခံဖို့က တစ်လကြာတယ်။ ပန်းအိုးကတော့ ကိုယ်လိုချင်တဲ့ဒီဇိုင်းကို နေ့ချင်းလုပ်လို့ရတယ်။ အိုးကြီးကတော့ အိုးဖြစ်သွားရင် ပြီးတာပေါ့လေ။ ပန်းအိုးကျတော့ နည်းနည်း အဆင့်ပိုလာတယ်။ ဘာလဲဆိုတော့ ဒီဇိုင်းဖော်တဲ့အလုပ်။ မြေဖြူသုတ်တယ်။ နောက် ဒီဇိုင်းဆရာက လိုက်ဖက်မယ့် ဒီဇိုင်းကို ဖော်တယ်ပေါ့။ ဒါ မြေထည်အားလုံးကတော့ ခြောက်အောင်လို့ အိုးကြီးက တစ်လလောက် အချိန်စောင့်ရတယ်။ ပန်းအိုးကတော့ ၁၅ ရက်လောက် အချိန်ပေးရတယ်။

စဉ့်ထည်တွေကို ပြုလုပ်ရတာက အဆင့်ဆင့်ပါ။ အနုပညာနဲ့ လုပ်အားတို့ကို ပေါင်းစပ်ရတဲ့ အလုပ်ဖြစ်လို့ ကျွမ်းကျင်လုပ်သားတွေကလည်း ဒီလုပ်ငန်းမှာ အရေးကြီးပါတယ်။

ပုံဖော်၊ ပန်းဖော်အတတ်ပညာ တကယ်ကို အနုပညာဆန်ပါတယ်။ ဖိုဝင်တယ်လို့ ခေါ်တဲ့ စဉ့်ထည်တွေကို မီးဖုတ်တာကလည် ပညာရှင်လည်း ဆန်လှပါတယ်။ ဒါကြောင့် သေသပ်လှပ ခိုင်ခန့်တဲ့  စံချိန်မှီစဉ့်ထည်ဖြစ်လာဖို့က အဆင့်တိုင်း အဆင့်တိုင်းက အရေးပါပါတယ်။

နွယ်ငြိမ်းကထွက်တဲ့ စဉ့်ထည်တွေက မြန်မာနိုင်ငံအနှံကို ရောက်ရှိကြပါတယ်။ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန် တစ်ဝိုက်ကတော့ ရာဝင်အိုးလို့ခေါ်ကြတဲ့ နွယ်ငြိမ်းက စဉ့်အိုးတွေကို ရေလှောင်ဖို့အတွက် အမှာများကြပါတယ်။ အလှဆင်ပန်းအိုးတွေရဲ့ ဈေးကွက်ကတော့ ရန်ကုန် ၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနား စတဲ့မြို့ကြီးကို အဓိက အားထားရပါတယ်။

ဟိုတုန်းကတော့ မြစ်ကြောင်းကိုသာ အားပြုပြီး ဖောင်တွေဖွဲ့ကာ စဉ့်ထည်တွေကို ပို့ခဲ့ကြရတာပါ။ စဉ့်အိုးပို့တဲ့ ဖောင်တွေကို မြစ်ကြောင်းအတိုင်းမျောကာ အောက်အရပ်ထိ တစ်လကိုးသီတင်းကြာအောင် သွားခဲ့ရပါတယ်။ အခုဆိုရင် စဉ့်အိုးနဲ့ စဉ့်ထည်ပစ္စည်းတွေက ကုန်းလမ်းတွေကနေတဆင့် မြန်မာနိုင်ငံရဲ့ နေရာအနှံကို ရောက်နေကြပါပြီ။

ဒါပေမယ့် နွယ်ငြိမ်းရွာရဲ့ မြစ်ကမ်းတလျှောက်မှာလည်း စဉ်းအိုးတွေက အစီအရီ ရှိနေပါသေးတယ်။ ဟိုးတုန်းကတော့ မြစ်ကမ်းတလျှောက် စီထားတဲ့ စဉ့်အိုးတွေက အခုမြင်နေရတာထက်များပြီး ပိုလည်း လှနေမှာပါ။

နွယ်ငြိမ်းထွက်စဉ့်ထည်တွေက အရောင်အသွေးစုံ၊ ဒီဇိုင်းစုံတို့နဲ့ လိုချင်စဖွယ် လှနေပါတယ်။ လူတစ်လောက်ရှိတဲ့ စဉ့်အိုး၊ ပန်းအိုးကြီးတွေကနေ လက်တစ်ကိုင်စာ သေးသေးလေးတွေအထိ အရွယ်အစားမျိုးစုံ ရှိပါတယ်။

ဒီက စဉ့်ထည်ပစ္စည်းတွေကို အောက်ပြည်ဘက်က ဘယ်လိုပစ္စည်းမျိုးတွေ အမှာများလဲလို့ မေးကြည့်တဲ့အခါမှာ အောက်ပြည်ဘက်ကဆိုရင်တော့ ငရုတ်စုံတွေ အရမ်းကို အမှာများပါတယ်တဲ့ တစ်ခါမှာရင် သောင်းနဲ့ချီပြီးတော့ ပို့ရပါတယ်တဲ့။

ဧရာဝတီကမ်းနဖူးပေါ်မှာ ရှိနေတဲ့ နွယ်ငြိမ်းရွာဆိုရင် ပြည်တွင်းခရီးသွားတွေသာမက နိုင်ငံခြားသား ဧည့်သည်တွေကပါ စိတ်ဝင်စားကြပါတယ်။ စဉ့်ထည်တွေပြုလုပ်တဲ့ လက်မှုအနုပညာတွေက  နွယ်ငြိမ်းရဲ့ ဂုဏ်သတင်းကို ကျော်စေခဲ့ပါတယ်။ မိရိုးဖလာ လက်မှုပညာတွေကို ခေတ်သစ်နည်းပညာတွေနဲ့ပေါင်းစပ်ပြီး ထိန်းသိမ်းနိုင်မယ့် မျိုးဆက်သစ်တွေကို နွယ်ငြိမ်းရွာက ကြိုဆိုဖို့ အမြဲအဆင်သင့်ဖြစ်နေပါပြီ။  

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဖတ်ရှု့နိုင်ပါသည်။ http://mizzimaburmese.com/article/27144

Mizzima Weekly