မုံရွာတွင် စိုးရိမ်ရေမှတ် ၁၁၂၀ထိရောက်ကာ အမြင့်ဆုံးစံချိန်တင်

မုံရွာတွင် စိုးရိမ်ရေမှတ် ၁၁၂၀ထိရောက်ကာ အမြင့်ဆုံးစံချိန်တင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယင်းမြို့၏ အမြင့်ဆုံး စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး သြဂုတ် ၂ရက် နံနက်တွင် ၁၁၂၀ စင်တီမီတာသို့ ရောက်ရှိကာ အမြင့်ဆုံးရေအမြင့်စံချိန်သစ် တင်သွားကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

"အရေးကြီးဆုံးအချိန်ရောက်နေပါပြီ"ဟု ဒေါက်တာထွန်းလွန်က သတိပေးလိုက်သည်။

ဒေါက်တာထွန်းလွင်က "အချိန်ပိုင်းလေးအတွင်းမှာပဲ (၅) စင်တီမီတာတက်သွားပြန်ပြီ။ တာရိုးတွေစိတ်မချရတော့လို့ အနိမ့်ပိုင်းကအိမ်တွေပြောင်းကြဖို့ လိုက်အော်နေပြီးသတိပေးနေပြီလို့သိတယ်။ ခက်တာက လာမယ့်တစ်ပတ်အတွင်း မုံရွာမှာရောအထက်ဖက်က ကလေးဝမှာရော မိုးတွေရွာဖို့ရှိနေသေးလေတော့ စိုးရိမ်ရေအမှတ်ရဲ့အထက် ရောက်နေတဲ့ရေအမြင့်ဟာ အနည်းဆုံးနောက်ထပ်(၃)ရက်လောက်ကြာဦးမယ်လို့မိုး၊ဇလက ခန့်မှန်းထားတယ်။"ဟု ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

မုံရွာမြို့၏ စိုးရိမ်ရေမှတ်သည် ၁၀၀၀စင်တီမီတာဖြစ်ပြီး သြဂုတ် ၁ရက် ညနေ ၅နာရီတွင် ၁၀၈၅ စင်တီမီတာ ရောက်ခဲ့သဖြင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ရေဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရန် ရေကင်းများ (၂၄)နာရီချထားစောင့်ကြပ်ခြင်း၊ သဲအိတ်များ အရန်စုဆောင်းထားရှိခြင်း၊ ရေစိမ့်ပေါက်များတွင် သဲအိတ်များ ချထားခြင်းများကို အစိုးရအဖွဲ့က ဦးဆောင်ကာ ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။

မြစ်ရေဝင်ရောက်နိုင်သည့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် ဘုရားကြီးရပ်ကွက်အနီးရှိ ထန်းတောစက်လှေဆိပ် တာရိုးနေရာတွင်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် အောင်မင်္ဂလာအဝိုင်းပတ်ကြားရှိ တာဘောင်လမ်းတွင် လည်းကောင်း၊ သဲအိတ်များ ကာရံခြင်း၊ ရေစိမ့်ထွက်မှုမရှိစေရေး မြေဖို့ခြင်းများကို တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ၊ မြို့နယ်အထောက်အကူပြု ကော်မတီဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags