ရေကြီးမှုကြောင့် အနည်းဆုံး ၂၇ဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေ

ရေကြီးမှုကြောင့် အနည်းဆုံး ၂၇ဦးသေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေ

မြန်မာနိုင်ငံအနှံ့အပြားတွင် ပြင်းထန်သော ရေကြီးမှုကြောင့် သြဂုတ်လ ၁ရက်နေ့ အထိ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရပြီး၊ မိုးသည်းထန်စွာရွာသွန်း၍ မြင့်တက်လာသည့်ရေများကြောင့် အနည်းဆုံး လူ၂၇ဦး သေဆုံးခဲ့ရကာ လူထောင်ပေါင်းများစွာမှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြင်းထန်သည့် မုတ်သုံမိုးက နိုင်ငံတနှံ့တလျားကို ရိုက်ခတ်ရွာသွန်းခဲ့သောကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းမှ အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည့် ဒေသလေးခုကို သဘာဝ ကပ်ဘေးသင့် ဒေသများအဖြစ် အစိုးရက ဇူလိုင်လ ၃၁ရက်နေ့က ကြေညာခဲ့ရာ အခြေအနေ ဆိုးရွားပြင်းထန်ကြောင်းကို ဖော်ပြနေသည်။

Press Trust of India ဂျာနယ်ပါ သတင်းတစ်ရပ်အရ မြန်မာ့ချင်းပြည်နယ်နှင့် နယ်ချင်းထိစပ်နေသည့် အိမ်နီးချင်း အိန္ဒိယ၏ မဏိပူရပြည်နယ်၊ ချန်ဒဲခရိင်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်း၍ မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ၂၀ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လူနေအိမ်ခြေ ၁၅၀,၀၀၀ခန့်နှင့် လယ်ကွင်းများ ပျက်စီးသွားခဲ့ရပြီး ဝေးခေါင်သောရွာများတွင် လူထုများမှာ ပိတ်မိသောင်တင်လျှက်ရှိကြပြီး သဘာဝကပ်ဘေးအတွင်း စားဝတ်နေရေးများလည်း ပျက်စီးသွားခဲ့သောကြောင့် အစိုးရ၏ ချိနဲ့သော သက်သာချောင်ချိရေးယန္တရားအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

‘ယခုအချိန်မှာ နိုင်ငံရဲ့အများစုက ရေလွှမ်းမိုးနေတယ်။ တိုင်းဒေသကြီးတစ်ခုမှာတော့ ရုတ်တရက်ရေကြီးမှုတွေ၊ ရေတက်မှုတွေနဲ့ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပွားနေတယ်’ဟု လူမှုဖူလုံရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာအာဏာပိုင်များနှင့် ဒေသတွင်းအကူအညီပေးရေးအုပ်စုများက ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်နေပြီ ဖြစ်သော်လည်း ရေလွှမ်းခံရသည့် နေရာများသို့ ရောက်ရှိနိုင်ရန် ရုန်းကန်နေရပြီး၊ အဆက်အသွယ်များ ပြတ်တောက်နေသောကြောင့် အသေအပျောက်စာရင်းမှာလည်း ဇူလိုင်လ ၃၀ရက်နေ့ကအတိုင်း ၂၇ယောက်ဟုသာ သိရသေးသည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။ အဆိုးရွားဆုံးထိခိုက်သည့် ဒေသများထဲတွင် နိုင်ငံအနောက်ပိုင်းမှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ပါဝင်နေသည်။

သမ္မတဦးသိန်းစိန် ဇူလိုင်လ ၃၁ရက်နေ့က လက်မှတ်ထိုးခဲ့သည့် ကြေညာချက်တစ်ခုတွင်မူ ရခိုင်နှင့် ချင်းပြည်နယ်တို့မှာ အကြီးအကျယ်ပျက်စီးသွားသောကြောင့် မူလအခြေအနေသို့ ပြန်ည်လည်ရောက်ရှိရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ပြောကြားထားသည်ဟု အစိုးရနောက်ခံပြု Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည်။

ဒေသတွင်းအစိုးရအရာရှိတစ်ဦး၏ အေအက်ဖ်ပီသို့ ပြောကြားချက်အရ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြင်းထန်သည့် မုန်တိုင်းကြောင့် နေအိမ်နှင့် ရုံးအဆောက်အအုံများ ပျက်စီးသွားပြီး၊ သစ်ပင်များ အမြစ်ကျွတ်ထွက်လဲပြိုကာ လမ်းများလည်းပျက်စီးသွားသောကြောင့် အဆက်အသွယ်ပြတ်တောက်လျှက်ရှိသည်ဟု ဆိုသည်။ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် သယ်ယူပို့်ဆောင်ရေး မရှိသလောက်ဖြစ်နေချိန်တွင် ဘုန်းကြီးကျောင်းများတွင်သာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြရသည်ဟုဆိုသည်။

ဒီမိုကရတ်တစ် ဗမာ့အသံ (DVB)သတင်းဝဘ်ဆိုက်တွင် လွှင့်တင်လာသည့် ဗွီဒီယိုထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း ကောလင်းမြို့နယ်တွင် ရင်စို့လောက်နက်သည့် ရေထဲတွင် ကူးခတ်ရင်း သက်ကြီးရွယ်အို၊ ကလေးနှင့် လူမမာများကို ထမ်းစင်များဖြင့် နေရာပြောင်းရွှေ့နေကြသည်ကို ရိုက်ပြထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တောင်သူလယ်သမားတို့၏ အသက်သွေးကြောလည်းဖြစ်သည့် မုတ်သုံမိုးမှာ နှစ်စဉ် ရွာသွန်းဖြိုးလေ့ရှိသော်လည်း မကြာခဏဆိုသလိုပင် သည်းထန်သောမိုးနှင့် အားပြင်းဆိုင်ကလုန်းမုန်တိုင်းများကြောင့် လူများသေကြေသည်အထိ ရုတ်တရက်ရေကြီးမှုနှင့် မြေပြိုမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု ဆိုသည်။

၂၀၀၈ခုနှစ် မေလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မွှေနှောက်ဖျက်စီးသွားခဲ့သည့် ဆိုင်ကလုန်း နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀၀၀၀ခန့် သေဆုံးခဲ့ရသည်။

ယခုအချိန်အထိ ရေကြီးရေလျှံမှုများကြောင့် လယ်ဧက ၈သိန်းကျော် ရေနစ်မြုပ်ကာ ဧက ၄၄,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အစိုးရက သြဂုတ် ၁ရက်တွင် ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁ရက်နေ့က ကုလသံတမန်က မြန်မာနိုင်ငံတွင် ရေကြီးမှုများနှင့် ပတ်သက်၍ အထူးစိုရိမ်မိကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ပြီး ချက်ချင်းလုပ်ဆောင်ရမည့် သက်သာချောင်ချိရေးလုပ်ငန်းများကို သိရှိနိုင်ရန်အတွက် အကဲဖြတ်အဖွဲ့များကို အဆိုးရွားဆုံးရေဘေးသင့်နေရာများသို့ စေလွှတ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly