ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာလိ့မ်မည်ဟု လုံးဝထင်မှတ်ခဲ့ခြင်းမရှိဟု စီရော်နယ်ဒို ဖွင့်ဟ

ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာလိ့မ်မည်ဟု လုံးဝထင်မှတ်ခဲ့ခြင်းမရှိဟု စီရော်နယ်ဒို ဖွင့်ဟ

သြဂုတ် ၂၊ မက်ဒရစ်။ ။ ဘောလုံးစတင်ကစားသည့်အချိန်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာလိမ့်မည်ဟု တွေးထင်ခဲ့ခြင်း မရှိကြောင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုက ဖွင့်ဟပြောဆိုလိုက်သည်။

ဘောလုံးစတင်ကစားသည့် ကလေးငယ်ဘဝက ပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်လာလိမ့်မည်ဟု လုံးဝယုံကြည်ခဲ့ခြင်း မရှိကြောင်း စီရော်နယ်ဒိုက ဝန်ခံသည်။ ၎င်းသည် မွေးရပ်မြေ မာဒီယာကျွန်းရှိ CF Andorinha အသင်းလေးတွင် လူငယ်ဘဝက စတင်လေ့ကျင့်ခဲ့ပြီး ထိုအချိန်က မွေးရာပါစပါယ်ရှယ် ပါရမီရှိသည့် ကစားသမားတစ်ဦးဟု တွေးထင်ခဲ့ခြင်း မရှိကြောင်းလည်း ဆိုသည်။

'ကျွန်တော်တို့ တစ်မိသားစုလုံးက ဘောလုံးကို ချစ်မြတ်နိုးကြပါတယ်။ နေ့လေးတစ်နေ့ကို သတိရနေမိပါတယ်။ အဲ့ဒီနေ့က ကျွန်တော်လမ်းမပေါ်မှာ ဘောလုံးကစားနေတာပါ။ အဖေက ငါအလုပ်သွားနေတဲ့အချိန်မှာ မင်းဘာဖြစ်လို့ ကလပ်အသင်းကိုသွားပြီး မလေ့ကျင့်တာလဲလို့ မေးခဲ့ပါတယ်။ ချက်ချင်းပဲ ကျွန်တော်သွားလေ့ကျင့်မယ်လို့ ပြန်ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်က စပြီး ကျွန်တော်ဘောလုံးကစားဖို့ စတင်ခဲ့ပါတယ်။

နေ့တိုင်းလေ့ကျင့်ဖို့ သွားပါတယ်။ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေရတာကို ကျွန်တော်သဘောကျနေမိပါတယ်။ ကျွန်တော့်အဖေကလည်း သူ့သားအတွက် အမြဲတမ်း အဲ့ဒီမှာ ရှိခဲ့ပါတယ်။ ပထမတော့ အခြားကလေးတွေနဲ့ ကျွန်တော်မတူညီဘူးလို့ ခံစားရပါတယ်။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်လာမယ်လို့တော့ လုံးဝမထင်ခဲ့ပါဘူး။ စပို့တင်းလစ္စဘွန်း၊ မန်ယူနဲ့ ရီးယဲလ်တို့ကို ရောက်လိမ့်မယ်လို့လည်း မထင်ခဲ့ပါဘူး။ အဲ့ဒီအချိန်တုန်းက စိတ်ကျေနပ်မှုကိုပဲ လိုချင်ခဲ့ပါတယ်။ ကျွန်တော့မှာ မွေးရာပါ ပါရမီရှိတယ်လို့ မထင်ခဲ့ပါဘူး။

ဒါပေမဲ့ သုံးလေးနှစ်လောက်လေ့ကျင့်ပြီးတဲ့ အခါမှာတော့ ကျွန်တော်ထိပ်တန်းအသင်းကြီးတွေမှာ ကစားချင်လာပါတယ်။ ကျွန်တော်ဘောလုံးပွဲတွေကို မလွတ်တမ်းကြည့်ပါတယ်။ ပြီးတော့ အဲ့ဒီဂျာစီတွေကို ဝတ်ဆင်ဖို့ အိပ်မက်မက်ခဲ့ပါတယ်' ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့သည်။

စီရော်နယ်ဒိုသည် အသက် ၇ နှစ်အရွယ်တွင် CF Andorinha လူငယ်အသင်းတွင် စတင်လေ့ကျင့်ခဲ့ပြီး ထို့နောက်တွင် နေစီယွန်နယ်၊ စပို့တင်းလစ္စဘွန်းစသည့် လူငယ်အသင်းများတွင် ဆက်လက်လေ့ကျင့်ခဲ့သည်။ စပို့တင်းအသင်းကြီးတွင် ၂၀၀၂ ခုနှစ်က စတင်ပါဝင်ခွင့်ရခဲ့ပြီး ၂၅ ပွဲတွင် ၃ ဂိုးသွင်းပေးခဲ့သည်။

ထိုနှစ်အကုန်မှာပင် မန်ယူအသင်း၏ ခေါ်ယူခြင်းကို ခံခဲ့ရသည်။ မန်ယူတွင် ၂၀၀၃ မှ ၂၀၀၉ ခုနှစ်အထိကစားခဲ့ပြီး အောင်မြင်မှုများစွာရရှိကာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရခဲ့သည်။ ထို့နောက်ရီးယဲလ်သို့ပြောင်းရွှေ့ခဲ့ပြီး အောင်မြင်မှုများထပ်မံရယူကာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် ရပ်တည်လျက်ရှိသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly