စိတ်ကြွဆေးပြားအထုပ် ၃၀အား ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်လာသူ ဖမ်းဆီးရမိ

စိတ်ကြွဆေးပြားအထုပ် ၃၀အား ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်လာသူ ဖမ်းဆီးရမိ
ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

မေလ ၂၆ ။         ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မောင်တော-ကြိမ်ချောင်း ကားလမ်း၌ စိတ်ကြွဆေးပြားများ ဝမ်းဗိုက်အတွင်း မြိုချသယ်ဆောင် လာသူတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သိရသည်။  

မေလ ၂၅ ရက်နေ့က မောင်တော-ကြိမ်ချောင်း ကားလမ်း၌ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အခကြေးငွေ ၅ဝဝဝဝ ဖြင့် ပလပ်စတစ်ဖြင့် ထုပ်ပိုးထားသော ပိန္နဲစေ့အရွယ်ရှိ အထုပ် ၃ဝ ခန့်အား ဝမ်းဗိုက်ထဲသို့ မျိုချ၍ သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ယမန်နေ့ မေလ ၂၅ရက် နံနက် ၇ နာရီခွဲ ခန့်က ဆိုင်ကယ်တစ်စီးအား ရပ်တန့်ခိုင်းစဉ် ဆိုင်ကယ်နောက်မှ စီးနင်းလိုက်ပါလာသူမှာ ဆိုင်ကယ်ပေါ်မှ ဆင်းပြီး မောင်းနှင်လာသူမှာ ရပ်တန့်ဟန်ပြင်ရာမှ ကြိမ်ချောင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

ဆိုင်ကယ်နောက်မှ စီးနင်းလာသူအား စစ်ဆေးမေးမြန်းရာ ၎င်းမှာ ရေမျက် တောင်ကျေးရွာနေ ရာဟာမာအုလ္လာ (၃၁) နှစ်ဖြစ်ပြီး မောင်းနှင်ထွက်ပြေးသွားသူမှာ တစ်ရွာတည်းနေ ဆီရာဇူလ်အီစ္စလာမ် (၄ဝ)နှစ် ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် ရေမျက်တောင်ကျေးရွာမှ ထွက်ခွာလာပြီး ဇင်ပိုင်ညာကျေးရွာအနီး ဓနိတောနေရာသို့ အရောက်တွင် ဆီရာဇူလ်အီစ္စလာမ်မှ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။

ဝမ်းဗိုက်အတွင်း မျိုချသယ်ဆောင်လာသူ ရာဟာမာအုလ္လာအား နယ်မြေရဲစခန်းသို့ ခေါ်ဆောင် ၍ ထမင်းနှင့်စားစရာများ ကျွေးပြီး မစင်စွန့်ခိုင်းစဉ် မစင်များ အတွင်းမှ WY/ R စာတမ်းပါ စိတ်ကြွဆေးပြား (၄၈)ပြားပါ အထုပ် (၃ဝ) စုစုပေါင်း ၁၄၄ဝ ပြား ခန့်မှန်းကာလ တန်ဖိုးငွေကျပ် ၂၉ သိန်းခန့်အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ ရာဟာမာအုလ္လာနှင့် ဆိုင်ကယ်မောင်းနှင်ထွက်ပြေး သွားသူ ဆီရာဇူလ်အီစ္စလာမ်တို့အား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly