မသန်စွမ်းသူများအသင်းချုပ်ရန်ပုံငွေ နည်းနေ၍ အခက်အခဲကြံုနေရ

မသန်စွမ်းသူများအသင်းချုပ်ရန်ပုံငွေ နည်းနေ၍ အခက်အခဲကြံုနေရ

ရန်ကုန်၊ မေ ၂၆ ။              ။ မသန်စွမ်းသူများအရေးဆောင်ရွက်နေသော မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၏ လက်ရှိရန်ပုံငွေမှာ လျော့နည်းနေပြီး အခက်အခဲကြုံတွေ့နေရသောကြောင့် အစိုးရမှ တာဝန်ယူပေးရန် လိုအပ်နေသည်ဟု အသင်းချုပ်၏ တာဝန်ရှိသူများက ပြောသည်။

ထိုကဲ့သို့ ရန်ပုံငွေ နည်းပါးလာခြင်းမှာ ရန်ပုံငွေရရန်ကြိုးစားရေးထက် မသန်စွမ်းသူများ၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ရန်က အဓိကဖြစ်နေသောကြောင့်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

"နိုင်ငံတော်အဆင့် အဖွဲ့ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်က အဲဒါ ( ရန်ပုံငွေ) ကို တာဝန်ယူရပါလိမ့်မယ် " ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ (မေ ၂၆) ပြုလုပ်သည့် " မသန်စွမ်းရေးရာလုပ်ငန်းများဆောင်ရွက်မှု တစ်နှစ်ပြည့်အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲ"  အပြီး မဇ္ဈိမ ၏မေးမြန်းမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ မသန်စွမ်းသူများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအပြင် မသန်စွမ်းသူများနည်းဥပဒေပေါ်ပေါက်လာရေးအတွက် အစိုးရနှင့် ညှိနှိုင်းနေကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်နေသော်လည်း လုပ်ငန်းဆောင်ရွက်ရန် ငွေကြေးအခက်အခဲရှိလာခြင်း ဖြစ်သည်။ လက်ရှိရန်ပုံငွေကို ပြင်ပအဖွဲ့ ၂ ဖွဲ့မှ လှူဒါန်းနေသော်လည်း အစိုးရအနေဖြင့် တာဝန်ယူပေးရန် လိုအပ်သည်ဟု  ပြောခဲ့ခြင်းဖြစ်သည်။

ရန်ပုံငွေနည်းနေသော်လည်း အသင်းအနေဖြင့် ဆောင်ရွက်လျက်ရှိသောကိစ္စများအား ဆောင်ရွက်သွားမည်ဟု သိရသည်။

" ရန်ပုံငွေနည်းလို့ အသင်းကယိုင်နဲ့မှာတော့်မဟုတ်ပါဘူး " ဟု အသင်းချုပ်တွင်းရေးမှူး ဦးမြတ်သူဝင်းက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly