ရပ်တည်ချက်မတူပေမယ့် ညှိယူရင် ငြိမ်းချမ်းလာမှာ ယုံကြည်တယ်လို့ UWSA ပြော

ရပ်တည်ချက်မတူပေမယ့် ညှိယူရင် ငြိမ်းချမ်းလာမှာ ယုံကြည်တယ်လို့ UWSA ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မေ ၂၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ နေပြည်တော်မှာ မေလ ၂၄ရက်က စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲကို တက်ရောက်လာတဲ့ UWSA ဦးဆောင်တဲ့ မြောက်ပိုင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်း ၇ဖွဲ့ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မိုင်းလား(NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) လေးဖွဲ့ကို ကနဦးတွေ့ဆုံပြီးနောက် AA၊ TNLA နဲ့ MNDAA သုံးဖွဲ့က ခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုမတိုင်ခင်မှာတော့ KIO ဥက္ကဌ အင်ဘန်လနဲ့ ဇနီးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာနဲ့ ဧည့်ခံခဲ့ပါသေးတယ်။

တွေ့ဆုံမှုအခြေအနေနဲ့ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းမှုအပေါ် UWSA ရဲ့ ပြင်ပဆက်ဆံရေးဌာန၊ အကြီးအကဲ ကျောက်ကော်အန်းရဲ့ ဖြေကြားချက်တွေကို ဖော်ပြလိုက်ရပါတယ်။

 

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့တွေ့ဆုံတာ ဘာပြောခဲ့ရလဲ။ ဘာဆွေးနွေးခဲ့ရလဲ။

ဖြေ။ ။ ကျွန်တော်တို့ နေပြည်တော်အရောက်လာတဲ့အကြောင်းအရင်း အသေးစိတ်က မနေ့က ပေးလိုက်တဲ့စာရွက်ထဲမှာ ပါပြီးပြီ။ ဒီနေ့တော့ ကျွန်တော်တို့က ဘာမှတော့ မဆွေးနွေးပါဘူး။ အဓိက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင် တွေ့ဆုံတာပါ။ အိမ်သွားပြီးတော့ မိသားစုလို ပိုပြီးတော့ ရင်းရင်းနှီးနှီး အိမ်မှာသွားတွေ့တာ။

 

မေး။ ။ ပြင်ဆင်ထားတဲ့ စာတမ်းကို ဒေါ်အောင်ဆန်းစုကြည်က ဘာပြောပါသလဲ။

ဖြေ။ ။ သူကြည့်ဖို့ အချိန်မရှိသေးပါဘူး။ မနေ့ကမှ ပေးလိုက်တာ။ သူကြည့်ဖို့ အချိန်မရှိသေးပါဘူး။

 

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က NCA ကို လက်မှတ်ထိုးဖို့ တိုက်တွန်းပြောဆိုတာ ရှိပါသလား။

ဖြေ။ ။ သူကတော့ မျှော်တော့ မျှော်လင့်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က သူပြောတဲ့ NCA နဲ့ ကျွန်တော်တို့ ပြန်ပြင်ထားတဲ့ဟာနဲ့ မတူဘူး။ ဒါပေမယ့် ကျွန်တော်တို့က အရင် NCA တော့ ထိုးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ပြန်ပြင်ဆင်ထားတဲ့ဟာပဲ ထိုးမယ်။

 

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖြစ်တာက တရုတ်ရဲ့ စီစဉ်ပေးမှုကြောင့်လား။

ဖြေ။ ။ ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်ကို သွားတဲ့အချိန်မှာ တရုတ်ရဲ့ one belt – one road အစီအစဉ်လည်းဆွေးနွေးဖြစ်တယ်။ ရှီကျင့်ဖျင်နဲ့လည်း တွေ့တယ်။ အဲ့မှာ သူတို့က သဘောတူထားတာလည်း ရှိရင်ရှိမှာပေါ့။ အဲ့ဒါကြောင့် တရုတ်ပြည်က ကျွန်တော်တို့ကို တိုက်တွန်းပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ရောက်အောင် သူတို့ရဲ့အကျိုး၊ ဗမာပြည်ရဲ့အကျိုး နှစ်ဖက်ရဲ့အကျိုးလည်း ပါတာပေါ့။ အဲ့ဒါကြောင့်မို့လို့ သူတို့က အားသွန်ခွန်စိုက်နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲကို ပါဝင်နိုင်အောင်ပါ။

 

မေး။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော တွေ့ဖို့ ရှိမလား။

ဖြေ။ ။ တပ်နဲ့ UWSA ‘ဝ’ နဲ့ အဆင်ပြေပါတယ်။ အားလုံးအဆင်ပြေပါတယ်။ တွေ့မယ်လို့တော့ မထင်တော့ပါဘူး။ ဘာလို့လည်းဆိုတော့ စစ်တိုက်နေတဲ့ သုံးဖွဲ့လည်း ကျွန်တော်တို့က ခေါ်လာတာကိုး။ ကျွန်တော်တို့ ၇ဖွဲ့က နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီပေါ့နော်။ သူတို့ ၃ဖွဲ့လည်း ပါတာကိုး။ ကျွန်တော်ထင်တာတော့ မတွေ့တော့ဘူး ထင်တာပဲ။

 

မေး။ ။ ဆရာတို့ရဲ့ မနေ့က စာတမ်းမှာ တရုတ်က NCA ထိုးဖို့ ဖိအားပေးတယ်။ ဆရာတို့ကလည်း ဒီ NCA ကို ပြုပြင်ဖို့ ကြိုးစားနေတယ်။ တပ်ကလည်း NCA ကို မပြင်ဘူးလို့ ပြောတယ်။ ဒီအခြေအနေမှာ ဘယ်လို ကြုံနိုင်မလဲ။

ဖြေ။ ။ ဒါက သိပ်မထူးဆန်းပါဘူး။ သူ့ဘက် ရပ်တည်ချက်နဲ့ ကိုယ့်ဘက် ရပ်တည်ချက်နဲ့တော့ ရှိမှာပေါ့နော်။ ညှိယူရမှာပေါ့။ အားလုံး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းပြီးတော့ ဆောင်ရွက်မယ်ဆို ငြိမ်းချမ်းလာမှာပါလို့ ကျွန်တော်က အပြည့်အဝ ယုံကြည်တယ်။

 

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို သတင်းစကားပေးလိုက်ပါသေးလဲ

ဖြေ။ ။ အဲ့ဒါတော့ မပြောဘူး။ ဒါပေမယ့် ကျွန်တော်တို့က နောက်ပိုင်း ဘယ်လိုချိတ်ဆက်ပြီးတော့ contact လုပ်မယ်ဆိုတာတော့ ရှိတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags