အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမား ဂျာမန်မီဒီယာဆု ချီးမြှင့်ခံရ

အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမား ဂျာမန်မီဒီယာဆု ချီးမြှင့်ခံရ

မေ ၂၆ ။                      ။ ဂျာမနီနိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးဆုံး ဆုတစ်ဆုဖြစ်တဲ့ ၂၀၁၆ ခုနှစ် ဂျာမန် မီဒီယာဆုကိုတော့ အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားကို ရွေးချယ်ချီးမြှင့်ခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကန်သမ္မတဟောင်း အိုဘားမားဟာ မေလ ၂၅ ရက်မှာပဲ ဂျာမနီ အနောက်တောင်ပိုင်းမြို့ Baden-Baden မှာပြုလုပ်တဲ့ ဆုချီးမြှင့်ရေးအခမ်းအနားမှာ ယင်းဆုကို လက်ခံရယူခဲ့ပါတယ်။

ဂျာမနီနိုင်ငံရဲ့ ဦးဆောင်သတင်းစာတိုက်တွေ၊ မဂ္ဂဇင်းတိုက်တွေက အယ်ဒီတာချုပ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဆိုပါ ဆုချီးမြှင့်ရေးအဖွဲ့က အိုဘားမားကို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံတကာက အသိအမှတ်ပြုလက်ခံခဲ့ကြပြီး ထူးချွန်ပြောင်မြောက်လှတဲ့ မူဝါဒရေးရာ ကိုယ်စားလှယ်တစ်ဦး ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ကြပါတယ်။

ယခုဆိုရင် ၎င်းရာထူးသက်တမ်း ကုန်ဆုံးခဲ့ပြီးချိန်အထိလည်း အိုဘားမားအနေနဲ့ အမေရိကန်မှာရော ကမ္ဘာတစ်ဝှမ်းမှာပါ ပေါင်းစည်းညီညွတ်မှုအတွက် အရေးပါနေသူအဖြစ် ရှိနေသည်မှာ ထင်ရှားကြောင်း အဆိုပါ ဆုချီးမြှင့်ရေးကော်မတီက ထုတ်ပြန်သွားပါတယ်။

အဆိုပါ ဆုကိုတော့ အိုဘားမားအပြင် နယ်လ်ဆင် မန်ဒဲလား၊ ဘီလ်ကလင်တန်၊ ကိုဖီ အာနန်၊ ဘိုနို၊ အိန်ဂျယ်လာ မာကယ် စတဲ့ ထင်ရှားတဲ့ခေါင်းဆောင်တွေလည်း ရရှိထားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအစည်းအဝေးတက်ဖို့ ဘရက်ဆဲလ်မြို့မှာ ရှိနေခဲ့ချိန်မှာတော့ သမ္မတဟောင်း ဘရက်ခ် အိုဘားမားကတော့ ဘာလင်မြို့မှာ ရောက်နေပြီး အထက်ပါ ဂျာမန် မီဒီယာဆုကိုပါ လက်ခံခဲ့သလို ဂျာမနီ အဓိပတိ အိန်ဂျယ်လာ မာကယ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly