NLD အစိုးရ ဒုတိယဘဏ္ဍာနှစ်စ ပို့ကုန်တင်ပို့မှု မြင့်တက်

NLD အစိုးရ ဒုတိယဘဏ္ဍာနှစ်စ ပို့ကုန်တင်ပို့မှု မြင့်တက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ အစိုးရလက်ထက် ဒုတိယဘဏ္ဍာနှစ်စ တစ်လကျော်ကာလအတွင်း ပို့ကုန်ပမာဏ မြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။

စာရင်းအရ ယခုနှစ်ဧပြီလမှ မေလ ၁၂ ရက်နေ့အထိ ကုန်သွယ်မှုပမာဏမှာဒေါ်လာသန်း ၃၁ဝ၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်နှင့် ကာလ တူနှိုင်းယှဉ်ပါက ဒေါ်လာသန်း ၅၀၀ ကျော် မြင့်တက်ခဲ့ကာ ပို့ကုန်ကဏ္ဍတွင်လည်း ကန်ဒေါ်လာသန်း ၁၅၀ ကျော်မြင့်တက်လာခဲ့သည်။

ယခင်နှစ် တစ်လကျော်ကာလအတွင်း ပြည်ပသို့ ကန်ဒေါ်လာ ၁၀၆၉ သန်းတင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်တွင် ဒေါ်လာ ၁၂၂၆ သန်းအထိ တင်ပို့လာနိုင်ခြင်းဖြစ်သည်။

အထူးသဖြင့် ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှာ ယခင်နှစ်ထက် ဒေါ်လာ ၇၉ သန်းကျော်ဖိုး မြင့်တက်ခဲ့ပြီး လယ်ယာထုတ်ကုန်၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုနှင့် အခြားကဏ္ဍများမှလည်း တင်ပို့မှု မြင့်တက်ခဲ့သည်။

သဘာဝဓာတ်ငွေ့တင်ပို့မှုပမာဏ ထည့်သွင်းထားသည့် စက်မှုကုန်ချောတင်ပို့မှုပမာဏမှာ ယခင်နှစ်ထက် ဒေါ်လာသန်း ၃၀ ကျော်လျော့ကျခဲ့သည်။

သို့သော် သွင်းကုန်ပမာဏယခင်နှစ်ထက် ဒေါ်လာ၃၆၉ သန်းကျော်အထိမြင့်တက်ခဲ့ရာ မြန်မာ့စီးပွားရေး၏ အဓိကပြဿနာဖြစ်သော ကုန်သွယ်ရေးလိုငွေပြမှုမှာလည်းမြင့်တက်နေသည်။

ကုန်သွယ်ရေးလိုငွေမှာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်စ တစ်လကျော်ကာလအတွင်း ဒေါ်လာ ၄၃၈ သန်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင်မူ ဒေါ်လာ ၆၄၈ သန်းကျော်အထိ မြင့်တက်နေသည်။

ယင်းကြောင့် မြန်မာ့စီးပွားရေးအတွက် ဖြေရှင်းရမည့် ကုန်သွယ်ရေးလိုငွေပြသမှုမှာ ယခင်ဘဏ္ဍာနှစ်စနှင့် ကာလတူနှိုင်းယှဉ်ပါက ဒေါ်လာသန်း ၂၀၀ ကျော်မြင့်တက်နေသည်။

မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကျော်အထိ ရှိခဲ့ပြီး ကုန်သွယ်ရေးလိုငွေပမာဏမှာမူဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော် ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly