မုံရွာကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အသုံးစရိတ် သိန်း ၈၀ ကျော်ရှိ

မုံရွာကြားဖြတ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အသုံးစရိတ် သိန်း ၈၀ ကျော်ရှိ

မုံရွာ၊ မေ ၂၆။            ။ မုံရွာကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအသုံးစရိတ်မှာ ကျပ်သိန်း ၈၀ ကျော်အထိ ရှိကြောင်း မုံရွာခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်မှ ကျပ်သိန်း ၈၁ သိန်းဖြင့် အသုံးစရိတ်အများဆုံးဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီပါတီကိုယ်စားလှယ်မှ ၈ သိန်းကျပ် ကုန်ကျခဲ့ကြောင်း သိရသည်။

" အနည်းဆုံး ၈သိန်းကနေ အများဆုံး ၈၁ သိန်းထိကုန်ကျစရိတ်ရှိပါတယ်။ ကျပ်သိန်း ၁၀၀ မကျော်ပါဘူး" ဟု ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးသောင်းဒန်က မဇ္ဈိမသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးညွှန့်အောင်က ကျပ် ၈၁ သိန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်အောင်က ကျပ် ၆၁ သိန်း၊ အမျိုးသားတိုးတက်ရေးပါတီကိုယ်စားလှယ် ဦးညွှန့်လှိုင်က ကျပ် ၆၁ သိန်း၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကိုယ်စားလှယ် ဦးစိန်မောင်းက ၄၈ သိန်း၊ ပြည်သူ့ဒီမိုကရေစီပါတီကိုယ်စားလှယ်   ဒေါက်တာသန်းထိုက်ဦးက ကျပ် ၈ သိန်း တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွေးကောက်ပွဲကုန်ကျစရိတ်တင်ရာ၌ အမျိုးသားတိုးတက်ရေးပါတီကိုယ်စားလှယ်က သက်မှတ်ရက်ထက် နောက်ကျပြီးမှ အသုံးစရိတ် တင်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ် အမည်စာရင်း ကြေညာပြီးသည့်ရက်မှ ရက်ပေါင်း ၃၀ အတွင်း အသုံးစရိတ်တင်ပြရမည်ဖြစ်သည့်အတွက် မေလ ၂ ရက်သည်နောက်ဆုံးရက်ဖြစ်ပြီး   ကော်မရှင်ရုံးတွင် ကြေညာရမည့်ရက် ၁၅ ရက်အထိပါ စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

ယင်းကြောင့် မေ ၁၇ ရက်ထိ စောင့်ဆိုင်းခဲ့သော်လည်း ၎င်းကိုယ်စားလှယ်မှာ မေ ၂၂ ရက်ရောက်မှ သာ လာရောက်အသုံးစရိတ် တင်ပြခဲ့ကြောင်း သိရသည်။

"လုံးဝ လာမတင်တာတော့ မဟုတ်ဘူး။ နောက်ကျတာပေါ့။ ဒါ့ကြောင့် ပြည်ထောင်စုကော်မရှင်ကို တင်ပြထားတယ်။ ပြည်ထောင်စုက ဆုံးဖြတ်ပါလိမ့်မယ်။ အပြစ်ရှိတယ်လို့ယူဆရင် အမည်ပျက်စာရင်း သွင်းမှာဖြစ်ပြီး ၅ နှစ်သက်တမ်းအတွင်း ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ မရပါဘူး" ဟု ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးသောင်းဒန်က ပြောသည်။

ဧပြီ ၁ ရက်က ကျင်းပခဲ့သော ကြားဖြက်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၅၀၀၄၀ ဦးရှိပြီး လာရောက်မဲပေးသူမှာ ၁၁၉၂၇၇ ဦးရှိကြောင်း၊ ၄၇ ဒသမ ၇၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly