နေတိုးခေါင်းဆောင်တွေ တွေ့ဆုံစဉ် မွန်တီနီဂရိုးဝန်ကြီးချုပ်ကို တွန်းဖယ်ပြီး ရှေ့ဆုံးထွက်နေရာယူခဲ့တဲ့ ဒေါ်နယ်ထရမ့်

နေတိုးခေါင်းဆောင်တွေ တွေ့ဆုံစဉ် မွန်တီနီဂရိုးဝန်ကြီးချုပ်ကို တွန်းဖယ်ပြီး ရှေ့ဆုံးထွက်နေရာယူခဲ့တဲ့ ဒေါ်နယ်ထရမ့်

မေ ၂၆ ။                 ။ မေလ ၂၅ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှာပြုလုပ်တဲ့ နေတိုးအုပ်စု ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးတစ်ခုမှာတော့ ဓာတ်ပုံအရိုက်ခံဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မွန်တီနီဂရိုးဝန်ကြီးချုပ်ကို တွန်းထုတ်ပြီး ရှေ့ဆုံးမှာ နေရာယူခဲ့တဲ့ ဗီဒီယိုတစ်ခု မီဒီယာတွေပေါ်မှာ တက်လာခဲ့ပါတယ်။

ဗီဒီယိုထဲမှာတော့ ဒေါ်နယ်ထရမ့်ဟာ ဓာတ်ပုံအရိုက်ခံဖို့အတွက်  ခေါင်းဆောင်တွေအကြား ရှေ့ဆုံးနဲ့ အလယ်ခေါင်တည့်တည့် နေရာကောင်းရဖို့ မွန်တီနီဂရိုး ဝန်ကြီးချုပ်ကို တွန်းဖယ်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ထရမ့်ဟာ မွန်တီနီဂရိုးဝန်ကြီးချုပ် ဒက်စကို မာကိုဗစ်ကို နောက်ကနေ ဆွဲဖယ်ကာ ရှေ့ဆုံးအလယ်တည့်တည့်မှာ နေရာယူခဲ့တာဖြစ်ပါတယ်။ ပြီးတော့ သူ ဘာမှမသိသလိုနဲ့ အကျီၤကို နေသားတကျဖြစ်အောင် ဆွဲတည့်လိုက်ပါသေးတယ်။

မာကိုဗစ်က သူ့ကို ဆွဲဖယ်လိုက်သူဟာ ထရမ့်ဖြစ်နေတာကို တွေ့လိုက်ရတော့ ပြုံးပြီး နောက်မှာပဲ ရပ်နေခဲ့တာကိုလည်း တွေမြင်ခဲ့ရပါတယ်။

မွန်တီနီဂရိုးဝန်ကြီးချုပ်ကို တွန်းဖယ်ပြီး ရှေ့ထွက်နေရာယူခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆင်းန် စပိုက်ဆာကတော့ သူ့အနေနဲ့ ဒါနဲ့ပတ်သက်တဲ့ ဗီဒီယိုကို မကြည့်ရသေးဘူးလို့ ဆိုပါတယ်။ ထရမ့်အနေနဲ့ အခြားခေါင်းဆောင်တွေအတူ ဓာတ်ပုံအရိုက်ခံရာမှာ သူ့နေရာနဲ့သူ အစီအစဉ် တကျ နေရာယူခဲ့တာဖြစ်နိုင်တယ်လို့ ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

အဆိုပါ နေတိုးအုပ်စုအစည်းအဝေးမှာတော့ အခြားသောအဖွဲ့ဝင်နိုင်ငံတွေကို ကာကွယ်ရေးအတွက် ပိုမိုစိုက်ထူသုံးစွဲဖို့ ထရမ့်က တိုက်တွန်းပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags