ဂျာမန်စူပါဖလားကို ၀ုဖ်ဘတ်အသင်း ပထမဆုံးအကြိမ်ရရှိ

ဂျာမန်စူပါဖလားကို ၀ုဖ်ဘတ်အသင်း ပထမဆုံးအကြိမ်ရရှိ

သြဂုတ် ၂၊ ဝုဖ်ဘတ်။ ။ ဝုဖ်ဘတ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဂျာမန်စူပါဖလားပြိုင်ပွဲတွင် ပွဲချိန်အတွင်း ၁-၁ ဂိုးရလဒ်ဖြင့် သရေကျခဲ့သောကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ဝုဖ်ဘတ်အသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ယခုကဲ့သို့ အနိုင်ရခြင်းသည် ဝုဖ်ဘတ်အသင်း၏ သမိုင်းတွင် ပထမဆုံးအကြိမ် ဂျာမန်စူပါဖလားကို ရရှိခြင်းဖြစ်သည်။ ဘိုင်ယန်နည်းပြ ဂွါဒီယိုလာအတွက်မူ နောက်ဆုံး စူပါဖလားပြိုင်ပွဲ သုံးကြိမ်စလုံး ရှုံးနိမ့်ရခြင်း ဖြစ်သည်။

နှစ်ဘက်အသင်းမှာ ပွဲချိန်အတွင်း အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ဘိုင်ယန်မြူးနစ်အသင်းက ခြေစွမ်းပိုမိုအသာရခဲ့ကာ အဖွင့်ဂိုးကို ပွဲချိန် ၄၉ မိနစ်တွင် ရော်ဘင်က သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီးအထိ ဘိုင်ယန်တို့ ၁-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့သော်လည်း ၈၉ မိနစ်အရောက်တွင် ဒီဘရိုင်း၏ ဖြတ်တင်ပေးမှုကို ဘန်တနာက ပိတ်သွင်းပြီး ဝုဖ်ဘတ်အတွက် အဖိုးတန်ချေပဂိုးကို သွင်းယူနိုင်ခဲ့သည်။

ထို့ကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် ဝုဖ်ဘတ်အသင်းမှ ရိုဒရီဂွက်ဇ်၊ ဒီဘရိုင်း၊ ရှရယ်၊ ခရူစ်နှင့် ဘန်တနာတို့အားလုံး ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ကြပြီး ဘိုင်ယန်ဘက်မှ ဗီဒယ်၊ ရော်ဘင်၊ ဖိလစ်လမ်းနှင့် ဒေါက်ဂလက်စ်ကော်စတာတို့ ဂိုးဝင်ခဲ့ကြသော်လည်း အလွန်ဆို၏ကန်သွင်းချက်ကို ဝုဖ်ဘတ်ဂိုးသမား ကက်စတယ်က ကာကွယ်နိုင်ခဲ့သည်။

အာဆင်နယ်၏ အပယ်ခံတိုက်စစ်မှူး ဘန်တနာမှာ ယခုပွဲတွင် ချေပဂိုးသွင်းယူပေးခဲ့သလို နောက်ဆုံးပင်နယ်တီအနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ကာ ဝုဖ်ဘတ်အသင်း၏ သူရဲကောင်း ဖြစ်ခဲ့သည်။

ယခုပွဲမတိုင်မီတွင် ဝုဖ်ဘတ်အသင်း၏ နည်းပြ ဒီတာဟက်ကင်းနှင့် ကွင်းလယ်လူ ဒီဘရိုင်းတို့မှာ ဂျာမန်အားကစားကလောင်ရှင်များမှ ပေးအပ်သော တစ်နှစ်တာအကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုများကို လက်ခံရယူခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly