မန်ချက်စတာဗုံးကွဲမှုကြောင့် လန်ဒန်၌ပြုလုပ်မည့် The Mummy ရုပ်ရှင်အထူးပြသပွဲဖျက်သိမ်း

မန်ချက်စတာဗုံးကွဲမှုကြောင့် လန်ဒန်၌ပြုလုပ်မည့် The Mummy ရုပ်ရှင်အထူးပြသပွဲဖျက်သိမ်း

ယူနီဗာဆယ်ရုပ်ရှင်စတူဒီယိုသည် မန်ချက်စတာဗုံးကွဲမှုကြောင့် လန်ဒန်မြို့တွင်ကျင်းပမည့် The Mummy ရုပ်ရှင်အထူးပြသပွဲကို ဖျက်သိမ်းကြောင်း ကြာသာပတေးနေ့က ကြေညာခဲ့သည်။

မင်းသားတွမ်ခရုစ်နှင့် ရက်ဆယ်လ်ခရိုးတို့ ပါဝင်သရုပ်ဆောင်ထားသော ထိတ်လန့်သည်းဖို အက်ရှင်ဇာတ်ကား The Mummy ကို လာမည့် ဂျွန်လ ၁ရက်နေ့တွင် လန်ဒန်မြို့၌ သရုပ်ဆောင်များနှင့်အတူ အထူးပွဲပြသသွားရန် စီစဉ်ထားခဲ့သည်။

“ လူပေါင်း ၂၂ဦးကို သေဆုံးစေခဲ့တဲ့ မန်ချက်စတာမြို့ ဗုံးပေါက်ကွဲမှုနှင့် ပက်သက်၍ ယူနီဗာဆယ်စတူဒီယိုမှ အများနည်းတူ စိတ်ထိခိုက်ရပြီး ထိခိုက်ဆုံးရှုံးခဲ့ရသူများနှင့်အတူ မားမားရပ်တည်   ပေးသွားမှာဖြစ်ပါတယ်။ ယခု လို ဝမ်းနည်းစရာအချိန်မှာ လေးစားသမှုဖြင့် နောက်အပတ်မှာ ကျင်းပရန်စီစဉ်ထားသော The Mummy အထူး ပြသပွဲကို ဖျက်သိမ်းလိုက်ဖို့ ကျနော်တို့ဆုံးဖြတ်ခဲ့ပါတယ်” ဟု ယူနီဗာဆယ်ရုပ်ရှင် စတူဒီယိုမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အလားတူကြေညာချက်မျိုးကို ဝါနာဘရားသား စတူဒီယိုမှလည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပြီး မေလ ၃၁ရက်နေ့ တွင် ပြုလုပ်ရန်စီစဉ်ထားသော ၎င်းတို့ရုပ်ရှင်စတူဒီယိုမှ ဖန်တီးထားသည့် Wonder Woman ရုပ်ရှင်၏ အထူး ပြသပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့က မန်ချက်စတာအားကစားကွင်း၌ ကျင်းပခဲ့သော ပေါ့ပ်အဆိုတော် အာရီရာနာဂရန်ဒီ၏ ဖျော်ဖြေပွဲတွင် အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်ရပ်အတွက် သူမကိုယ်တိုင် စိတ်ထိခိုက်ခံစားခဲ့ရကာ လန်ဒန်မြို့တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲ ၂ခုနှင့် ဥရောပဖျော်ဖြေပွဲ ၅ ခုကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags