မီဇိုရမ်ရောက် မြန်မာဒုက္ခသည် ၃၃၈ ဦးကို အိန္ဒိယတာဝန်ရှိသူတွေ နေရပ်ပြန်ပို့ပေး

မီဇိုရမ်ရောက် မြန်မာဒုက္ခသည် ၃၃၈ ဦးကို အိန္ဒိယတာဝန်ရှိသူတွေ နေရပ်ပြန်ပို့ပေး

မေ ၂၆ ။            ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်ခြမ်းကို နယ်စပ်ကနေတဆင့် ဖြတ်ကျော်ရောက်ရှိလာခဲ့တဲ့ မြန်မာ ဒုက္ခသည် ၃၀၀ ကျော်ကို ယခုအခါ Assam Rifles တပ်ဖွဲ့နဲ့ ပြည်နယ် တာဝန်ရှိသူတွေက မြန်မာနိုင်ငံဘက်ကို စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယဘက်ခြမ်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေဟာ ရှောင်တိမ်းဖို့အတွက် ယခုလို ၎င်းတို့ရဲ့ မူလနေအိမ်တွေကနေ စွန့်ခွာထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။  အဆိုပါဒုက္ခသည်တွေထဲမှာတော့ အမျိုးသမီးနဲ့ ကလေး အများစု ပါဝင်တယ်လို့ သိရပါတယ်။

မေလ ၁၉ ရက်မှာတော့ မြန်မာနိုင်ငံသား ၃၃၈ ဦးဟာ မြန်မာဘက်ခြမ်းမှာ ရှိတဲ့ ၎င်းတို့ရဲ့ နေအိမ်တွေဆီကို လက်နက်ကိုင်အဖွဲ့တွေ ရောက်လာလို့ဆိုပြီး အိန္ဒိယနိုင်ငံ Saiha ဒေသက Lungpuk နဲ့ Khaikhy ကျေးရွာတွေကို ထွက်ပြေးရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

" အခြေအနေကို သိသိချင်း Assam Rifles အဖွဲ့ဟာ ဒီဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လုပ်ခဲ့ပါတယ်၊ အဆင့်မြင့်ဒုဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်တဲ့ အဖွဲ့တစ်ခု တာဝန်ယူပြီးတော့ ဒီ မြန်မာဒုက္ခသည်တွေကို သူတို့ဘက်ခြမ်းကို ဘေးကင်းစွာနဲ့ ပြန်ရောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်၊ နောက်ပြီး ဒီအဖွဲ့မှာ ဆေးဘက်အရာရှိတစ်ဦးကိုပါ ထည့်ပေးလိုက်သလို ဆေးဝါးနဲ့ အခြားလူသားချင်းစာနာမှုအကူအညီတွေကိုပါ ထောက်ပံ့ပေးခဲ့ပါတယ်" လို့ အိန္ဒိယ အစိုးရက ထုတ်ပြန်ပါတယ်။

ယခုဆိုရင်လည်း ၎င်းဒုက္ခသည်တွေရဲ့ မူလနေအိမ်တွေဟာလည်း လက်နက်ကိုင်တွေ ထွက်ခွာသွားပြီးနောက် ဘေးကင်းလုံခြုံတဲ့ အခြေအနေမှာ ရှိနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

" မြန်မာဒုက္ခသည်တွေ ဘေးကင်းလုံခြုံနိုင်အောင်လို့ Assam Rifles တပ်ဖွဲ့ဝင်တွေက နယ်စပ်အထိ စောင့်ကြပ်ပို့ဆောင်ပေးခဲ့ပါတယ်၊ မြန်မာဘက်ခြမ်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်" လို့ အိန္ဒိယဘက်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly