ဖိလစ်ပိုင်တပ်ဖွဲ့များက မြို့တွင်းရှိ အစ္စလာမ်မစ်စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်

ဖိလစ်ပိုင်တပ်ဖွဲ့များက မြို့တွင်းရှိ အစ္စလာမ်မစ်စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်

 မေ ၂၆ ။                   ။ ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့များသည် ကြာသာပတေးနေ့တွင် တောင်ပိုင်းမြို့မှ လူနေရပ်ကွက်များသို့ ဗုံးကြဲ တိုက် ခိုက်ခဲ့ကာ ဓားစာခံများကို ဖမ်းဆီးထားပြီး အနည်းဆုံးအရပ်သား ၁၁ဦးကို သတ်ဖြတ်ခဲ့သည့် အစ္စလာမ်မစ် စစ်သွေးကြွများနှင့် တိုက်ပွဲဝင်လျက်ရှိသည်။

အိုင်အက်စ်အဖွဲ့၏ သစ္စာခံသေနတ်သမားများသည် ဖိလစ်ပိုင်နိုင်ငံမှ မွတ်စလင်အများစုနေထိုင်ရာ မာရာဝီမြို့၌ ထကြွသောင်းကျန်းခဲ့သောကြောင့် သမ္မတရိုဒရီဂိုဒူတာတေးသည် နိုင်ငံတောင်ပိုင်း၏ သုံးပုံတစ်ပုံ၌ မဆိုင်းမတွ မာရှယ်လောအမိန့် ထုတ်ပြန်ခဲ့ရသည်။

သေနတ်သမားများသည် ယခုဆိုလျှင် အင်အား ၃၀ မှ ၄၀ ခန့်အထိသာ ကျန်ရှိတော့သော်လည်း နေအိမ်များ အတွင်းသို့ လျင်မြန်စွာဝင်ရောက်သွားခြင်း၊ လမ်းများထဲ၌ ဗုံးထောင်ထားခြင်း နှင့် ဓားစာခံများကို ဖမ်းဆီးထား ခြင်းတို့ကြောင့် ပဋိပက္ခများကို ရပ်တန့်ပစ်ရန်မှာ အလွန်ကိုခက်ခဲကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

မြို့အတွင်း၌ ပြင်းထန်သော သေနတ်ပစ်တိုက်ပွဲသံများကို တစ်နေကုန် အဆက်မပြတ်ကြားနေရပြီး ဖိလစ်ပိုင် စစ်တပ်က ၎င်းတို့သည် လူနေအိမ်ရပ်ကွက်များထဲသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။

“ ကျနော်တို့ဟာ အဓိကပစ်မှတ်တွေကို တိတိကျကျ ထိမှန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု စစ်တပ်မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျိုအာဟာရဲရားက မာရာဝီမြို့ရှိသတင်းထောက်များကို ပြောခဲ့သည်။

ခရိုင်အစိုးရအဆောက်အဦး အနီးအနားရှိ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော အရပ်မှ အနက်ရောင်မီးခိုးလုံးများ အလိပ် လိုက်တက်လာသည်ကို မြင်ရကြောင်း သတင်းထောက်များက ပြောခဲ့သည်။

မာရာဝီမြို့ထဲ၌ နေထိုင်သူ ၂သိန်းခန့်ရှိပြီး အများစုမှာ မြို့တွင်းမှ ထွက်ပြေးသွားခဲ့ကာ ကျန်ရှိနေသော သူများကို ဗုံးကြဲမှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်နေသော နေရာဝန်းကျင်မှ ခပ်ဝေးဝေးနေထိုင်ကြရန် သတိပေးထားသည် ဟု ဟာရဲရားက ပြောခဲ့သည်။

“မာရာဝီမြို့ထဲမှာရှိတဲ့ ကျနော်တို့လူတွေကို ဘေးကင်းတဲ့နေရာတွေကို သွားရောက်နေထိုင်ပြီး အပြင်မထွက်ကြ ဖို့ မေတ္တာရပ်ခံထားပါတယ်” ဟု သူကပြောခဲ့သည်။

အာဏာပိုင်များ၏ အဆိုအရ သုံးရက်တာခန့်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၁၁ဦး၊ ရဲ ၂ဦးနှင့် စစ်သွေးကြွ ၃၁ ဦး သေဆုံးခဲ့ကြောင်းသိရပြီး စစ်သား ၃၉ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ကပြောခဲ့သည်။

ဒါ့အပြင် အိုင်အက်စ်တို့ကလည်း မာရဝီမြို့မှ စစ်သား ၇၀ ကျော်နှင့် တောင်ပိုင်းကျွန်း ဂျိုလိုမြို့မှ ၁၀ ဦးကျော်ကို သတ်ဖြတ်ခဲ့သည်ဟု အခိုင်အမာပြောကြားခဲ့ကြောင်း ဂျီဟတ်ဝါဒီများကို အွန်လိုင်းမှစောင့်ကြည့်နေသော SITE ထောက်လှမ်းရေးအဖွဲ့က ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags