တစ်ပြည်လုံး မိုးတိမ်တောင်အန္တရာယ် အလားအလာများနေဟု ဦးထွန်းလွင်ခန့်မှန်း

တစ်ပြည်လုံး မိုးတိမ်တောင်အန္တရာယ် အလားအလာများနေဟု ဦးထွန်းလွင်ခန့်မှန်း
ဓာတ်ပုံ-ဦးထွန်းလွင်ဖေ့ဘွတ်ခ်

မေလ ၂၆ ရက်တွင်  မိုးကြိုးပစ်မှုများဖြစ်ပေါ်စေတဲ့ မိုးတိမ်တောင်ဖြစ်ပေါ်မှုအန္တရာယ် တစ်ပြည်လုံးတွင် အလားအလာများနေကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားပါတယ်။

ယနေ့ မေလ ၂၅ ရက် ည ၉နာရီ ၁၅ တိုင်းတာချက်အရ တစ်ပြည်လုံးတွင် မိုးတိမ်တောင်ဖြစ်ရန် အလားအလာ ၅၅%  မှ ၇၅%  ခန့် သေချာမှုရှိနိုင်ပါတယ်။

မိုးတိမ်တောင်များဟာ မွန်းလွဲ ညနေပိုင်းတို့တွင် အဖြစ်များလေ့ရှိပြီး၊ အားကောင်းတဲ့ မိုးတိမ်တောင်ကြောင့် လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ နေရာကွက်မိုးသည်းထန်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။

မိုးခြိမ်းသံကြားရပါက မိုးတိမ်တောင်ဟာ မိမိနဲ့ နီးကပ်စွာ တည်ရှိနေတတ်သဖြင့် အန္တရာယ်ပို၍သတိထားရန်လိုအပ်ပါတယ်လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

မိုးကြိုးပစ်ခံရခြင်းမှ ရှောင်ရှားရန် အလွယ်ဆုံးသောနည်းလမ်းများမှာ

( ၁) မိုးလေဝသသတင်းများကို ဂရုစိုက်ပါ ။ မိုးကြိုးပစ်ခံရခြင်းမှလွတ်ကင်းအောင်လုပ်နိုင် သော အကောင်းဆုံးသောနည်းလမ်းမှာ မိုးတိမ်တောင်မှ ဝေးနိုင်သမျှဝေးသောနေရာတွင်နေပါ။

(၂) လဟာပြင်(သို့မဟုတ်)မြင့်မားသောအရာ အနီးနေထိုင်ခြင်းများကိုရှောင်ရှားပါ။

(၃) လျှပ်စစ်စီးကူးနိုင်သော လျှပ်ကူးပစ္စည်းများမှ ဝေးရာတွင်နေထိုင်ပါ။

(၄) ကားတစ်စီးအတွင်း နေထိုင်ခြင်းဖြင့် အကာအကွယ်ယူပါ။ အစရိသည်ဖြင့် သတိပေးညွှန်ကြားထားသည်။

ယခု ကာလများသည် မိုးကြိုးပစ်မှုများ ဖြစ်ပေါ်စေနိုင်သော မိုးတိမ်တောင်ကာလများတွင် ပါဝင်နေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly