အမျိုးသမီးတစ်ဦးဆီက ဆွဲကြိုးလုယူသူအား ဝိုင်းဝန်းဖမ်းဆီး

အမျိုးသမီးတစ်ဦးဆီက ဆွဲကြိုးလုယူသူအား ဝိုင်းဝန်းဖမ်းဆီး
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ မေလ ၂၅ ။             ။ မန္တလေးဘူတာကြီးရှိ ၂၉ လမ်းအနီးတွင် မေလ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် အမျိုးသမီးတစ်ဦး လည်ပင်းမှ ဆွဲကြိုးလုယူခံခဲ့ရပြီး လုယူခဲ့သူအား အနီးရှိ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မခင်စိုးဆိုသူအမျိုးသမီးက မေလ ၂၅ ရက်နေ့၊ နေ့လည် ၁၂ နာရီကျော် အချိန် မန္တလေးဘူကြီးတာကြီးသို့ အစ်မဝမ်းကွဲနှင့် အတူရောက်ရှိခဲ့ပြီး ၂၆ လမ်းရှိ မနောသုခသီးနှံပွဲရုံးသို့ သီးနှံကြေးများတောင်းရန် သွားနေစဉ် ၂၉ လမ်းအရောက်တွင် ဆိုင်ကယ်ဖြင့်အမျိုးသားတစ်ဦးက လိုက်လာပြီး မခင်စိုးလည်ပင်းမှ ဆွဲကြိုးအား လုယူခဲ့ ခြင်းဖြစ်သည်။

ဆွဲကြိုးလုယူသူအား မခင်စိုးမှ ရေသန့်ဘူးဖြင့် ရိုက်ခဲ့ပြီး အနီးရှိပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ လုယူခဲ့သူအား ဝိုင်းဝန်းဖမ်းဆီးစစ်မေးခဲ့ရာ   အောင်မြေသာစံမြို့နယ်၊   ညောင်ကွဲရပ်ကွက်တွင်နေသူ အသက် ၂၉ နှစ်အရွယ် အောင်လင်း(ခ)ကိုအောင် ဖြစ်ကြောင်း သိရသည်။

ဆွဲကြိုးလုယူခဲ့သူ အောင်လင်း(ခ)ကိုအောင်အား ချမ်းအေးသာစံမြို့မရဲစခန်းမှ (ပ)၂၅၂/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၅၁၁ အရ အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly