သူရဦးတင်ဦး ကျန်းမာရေး အနည်းဆုံးနှစ်ပါတ်ခန့် စောင့်ကြည့်ရဦးမည်

သူရဦးတင်ဦး ကျန်းမာရေး အနည်းဆုံးနှစ်ပါတ်ခန့် စောင့်ကြည့်ရဦးမည်

ရန်ကုန်၊ မေ ၂၅ ။         ။ အထူးကြပ်မတ်ကုသဌာနတွင် တက်ရောက်နေရသည့် NLD နာယက သူရဦးတင်ဦး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာသောကြောင့် နှလုံးကုသဆောင် သို့ပြောင်းရွှေ့ကုသနေပြီး အနည်းဆုံး နှစ်ပါတ်ခန့် စောင့်ကြည့်ရဦးမည်ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအေးကိုကိုက မဇ္ဈိမသို့ ပြောသည်။

" အနည်းဆုံး နောက်ထပ် နှစ်ပတ်လောက်တော့ စောင့်ကြည့် ကုသပေးရဦးမယ်လို့ ဆရာဝန်ကြီးတွေက ခန့်မှန်းထားပါတယ် " ဟု ၎င်းကဆိုသည်။

သူရဦးတင်ဦးသည် သွေးတိုးရောဂါရှိသည့်အပြင် နှလုံရောဂါအခံရှိနေသောကြောင့် ယမန်နေ့ (မေ ၂၄ ) မွန်းလွဲပိုင်းမှာ နှလုံးကုသဆောင်သို့ ပြောင်းရွှေ့ ကုသနေခြင်းဖြစ်သည်ဟု ရန်ကုန်ဆေးရုံကြီးမှ ရသည့် အချက်အလက်များအရ သိရသည်။

သူရဦးတင်ဦးသည် ဦးနှောက်သွေးကြောပိတ်ပြီး ညာဘက်ခြမ်းလေဖြတ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ညာဘက် ခြေ၊ လက် အနည်းငယ်လှုပ်၍ ရပြီဖြစ်ကြောင်း ဒေါက်တာ ဦးအေးကိုကိုက ပြောသည်။

ပါးစပ်အဖွင့်အပိတ် လုပ်ဆောင်မှုတွေ အကုန်လုံးလုပ်ဆောင်နိုင်နေပြီဖြစ်သော်လည်း စကားပြော၍ အနည်းငယ်မပီသေးဟု သိရသည်။

" လာတုန်းကတော့ ကျွန်တော်တို့က လက်လျော့လိုက်ရပြီတောင် အောက်မေ့တာပေါ့ ။ လာတဲ့အခြေအနေက တော်တော်ဆိုးပါတယ် " ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအေးကိုကိုက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးသည် မေလ ၁၇  ရက် ညပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး မေ ၁၈ ရက်တွင် သတိပြန်လည်ရလာခဲ့ပြီး ယနေ့အချိန်ထိ ရန်ကုန်ဆေးရုံကြီးတွင် ၈ ရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဦးတင်ဦး၏ နေအိမ် မေလ ၁၇ ည ၁၁နာရီခွဲခန့်၌ ရေချိုးခန်းတွင် ချော်လဲကာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောဌာနကို ပို့ဆောင်ခဲ့ရခြင်းလည်းဖြစ်သည်။

မေလ ၁၈ ညနေ ၃နာရီတွင် ဦးတင်ဦး ကျန်းမာရေးအတွက်  ရွှေတိဂုံစေတီတော်၊ စနေထောင့်မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် NLD ပါတီဝင်များ ဆုတောင်းခဲ့ပြီး   ပြည်နယ်နှင့် တိုင်းများတွင်လည်း ဆုတောင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly