ငှားရမ်းသူရှိပါက စင်းလုံးငှားရထားများ ပြေးဆွဲမည်

ငှားရမ်းသူရှိပါက စင်းလုံးငှားရထားများ ပြေးဆွဲမည်

မုံရွာ၊ မေ ၂၅။    ။ မြန်မာ့မီးရထားအား ငှားရမ်းသူရှိပါက စင်းလုံးငှားအပျော်စီးရထားများ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မုံရွာဘူတာရုံမှ ရုံပိုင်တာဝန်ခံဦးမြင့်စိုးက ပြောသည်။

မေလ ၁၅ ရက်နေ့ကလည်း မြန်မာ့မီးရထားနှင့် ပုဂ္ဂလိကအကျိုးတူပူးပေါင်းကာ မုံရွာ-မန္တလေး ခရီးစဉ်အား RBE တွဲဆိုင်းဖြင့် စင်းလုံးငှားအပျော်စီးရထားအဖြစ် ပြေးဆွဲခဲ့ကြောင်း သိရသည်။

"မည်သူမဆို၊ ရထားလမ်းရှိသော မည်သည့်ဒေသမှာမဆို ငှားရမ်းသုံးစွဲလို့ရပါတယ်။ မန်နေဂျာသွားလာသည့် တိုင်းရုံး၊ တိုင်းအမှတ်(၂)၊ (ရွာထောင်) ကနေ တဆင့် ငှားရမ်းအသုံးပြုရတာပါ" ဟု မုံရွာဘူတာရုံမှ ရုံပိုင်တာဝန်ခံဦးမြင့်စိုးက ပြောသည်။

တောင်ပေါ်လမ်းများတွင် တောင်ပေါ်လမ်းနှင့် ကိုက်ညီသော ရထား၊ မြေပြန့်တွင် မြေပြန့်နှင့် ကိုက်ညီသော ရထား၊ တို့ဖြင့် ငှားရမ်းပေးလျှက်ရှိပြီး ယခင်ကတည်းကပင် ငှားရမ်းမှုစနစ် ရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

အများအားဖြင့် ဟိုတယ်များမှ ၎င်းတို့ထံတွင် တည်းခိုသော နိုင်ငံခြားခရီးသွားများအတွက် ငှားရမ်းပေးကြောင်း၊ မုံရွာမြို့ရှိ ဟိုတယ်တစ်ခုမှ မုံရွာ-မန္တလေး ခရီးစဉ်တစ်ကြောင်းကို ငှားရမ်းပြေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။

မုံရွာဘူတာရုံမှ ရထားများသည် လက်ရှိတွင် မုံရွာမြို့မှ မန္တလေး၊ ခင်ဦး၊ ပခုက္ကူ မြို့နယ်များတွင် ပုံမှန်လမ်းကြောင်းများ ပြေးဆွဲလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly