စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမှုများအပေါ် မည်သို့အရေးယူမလဲဟု တိုင်းလွှတ်တော်တွင် မေးမြန်း

စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမှုများအပေါ် မည်သို့အရေးယူမလဲဟု တိုင်းလွှတ်တော်တွင် မေးမြန်း

ပုသိမ်၊ မေလ ၂၅ ။         ။ ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာမြေများပေါ်တွင် ငါးကန်များတူးဖော်ထားသော်လည်း လယ်ယာမြေဟု စာရင်းပြကာ စိုက်ပျိုးစရိတ်ချေးငွေ အလွဲသုံးထုတ်ယူမှုများရှိနေပြီး  တာဝန်ရှိသူများ မည့်သို့အရေးယူမည်နည်းဟု ဝါးခယ်မမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က ယနေ့ မေလ ၂၅ ရက်တွင် တိုင်းဒေသကြီးအစိုးရအား လွှတ်တော်တွင် မေးမြန်းခဲ့သည်။

"ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့မှာ တောင်သူလယ်သမားချေးငွေများကို လိမ်ညာပြီး ထုတ်ယူနေပါတယ်။ ပုံစံ-၇ ရှိပြီး လယ်ယာမြေမရှိဘူး။ အဲဒီလယ်ယာမြေတွေမှာ ငါးမွေးကန်တွေ တူးထားကြပါတယ် ။ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိဘဲ ချေးငွေထုတ်ယူနေပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ စိုက်ပျိုးဘဏ်အတွင်းအရေးမှူးဖြစ်တဲ့ တောင်သူလယ်သမား ကိုယ်စားလှယ်တွေ ၊ မြေစာရင်းဌာနက ပုဂ္ဂိုလ်တွေ စိုက်ပျိးရေးဘဏ်က လူတွေနဲ့ ပေါင်းပြီး လိမ်ပြီးထုတ်နေပါတယ်”ဟု ဝါးခယ်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးဌေးအောင်က စိုက်ပျိုးစရိတ်ချေးငွေ အလွဲသုံးထုတ်ယူနေမှုအား တိုင်းလွှတ်တော်တွင် ပြောဆိုဆွေးနွေးခဲ့သည်။

ထိုကဲ့သို့ မမှန်မကန် လုပ်ဆောင်မှုများသည်  နိုင်ငံတော် ဘဏ္ဍာငွေကို လိမ်ညာယူနေခြင်းဖြစ်ပြီး ဝါးခယ်မ ၊ အိမ်မဲ ၊ ပန်းတနော် ၊ ဓနုဖြူ ၊ မအူပင် ၊ ညောင်တုန်း ကျောင်းကုန်းမြို့များတွင် အများဆုံးဖြစ်နေကြောင်း ဦးဌေးအောင်က ဆက်လက်ဆွေးနွေးသည်။

အဆိုပါအကြောင်းနှင့် ပတ်သက်ပြီး “မြန်မာ့စိုက်ပျိုးရေးဘဏ်က ချေးငွေထုတ်ချေးရမှာ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်ခြင်း ရှိ၊ မရှိ ၊ ပုံစံ-၇များမှန်ကန်မှု ရှိ ၊ မရှိ၊ ကျေးရွာချေးငွေ စိစစ်ဆေးအဖွဲ့များက အခြေခံစာရင်းဇယားများနှင့် မှန်ကန်အောင်ပြုစုပြီး ချေးငွေထုတ်ချေးနိုင်ဖို့ စာရင်းကို ရိုးသားစွာ ထုတ်ပြန်ပြီးလျက်ရှိပါတယ်”ဟု စီမံဘဏ္ဍာဝန်ကြီးဦးဝင်းဌေးက လွှတ်တော်တွင် ဖြေဆိုခဲ့သည်။

ထို့ပြင် တာဝန်ရှိသူများက တာဝန်မဲ့စွာ မမှန်မကန်လုပ်ဆောင်မှုများကို တိကျသော  တိုင်ကြားချက်များ ရှိလာပါက တည်ဆဲဥပဒေ ၊ ဝန်ထမ်းဥပဒေများနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ဝန်ကြီးက ဆက်လက်ဖြေကြားသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ ကျေးရွာအုပ်စုချေးငွေစိစစ်ရေးအဖွဲ့၏ စိစစ်ထောက်ခံချက်သည်  ပုံစံ-၇ မှန်ကန်မှုရှိမရှိအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုများ   ဖြစ်ပေါ်နေကြောင်းကို တိုင်စာများအရ သိရှိရပါတယ်၊ ကျေးလက်နေ ပြည်သူတို့အသံ ဆန္ဒနဲ့ ကိုက်ညီတဲ့ဖြောင့်မတ်မှန်ကန်တဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက်   စောင့်ကြည့်ထိန်းကျောင်းပြီး ဆောင်ရွက်ပေးသွားမယ်ဆိုပါက ပုံ ပုံစံ-၇အတုပွားများနဲ့ မမှန်မကန် လိမ်ညာထုတ်ယူလျော့ပါးနိုင်ကြောင်း”  စိုက်ပျိုးရေး သယံဇာတ ဝန်ကြီးဦးဘဟိန်းက စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူမှုနှင့် ပတ်သက်ပြီး ဖြေဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly