RCSS နှင့် TNLA တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရေးအတွက် တွေ့ဆုံရန် လိုအပ်

RCSS နှင့် TNLA တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရေးအတွက် တွေ့ဆုံရန် လိုအပ်
 နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်လာသော စစ်ဘေးဒုက္ခသည်များ (ဓာတ်ပုံ- ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦး)

နေပြည်တော် ၊ မေ ၂၅ ။             ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရန် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အလွတ်သဘောတွေ့ဆုံရန် လိုအပ်နေသည်ဟု RCSS အကြံပေး ပြည်ထောင်စု အင်စတီကျူ မန်နေဂျင်း ဒါရိုက်တာ ဦးခွန်စိုင်းက ဆိုသည်။

ယမန်နေ့ မေလ ၂၄ ရက်နေ့မှစပြီး နေပြည်တော်တွင်ကျင်းပနေဆဲဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက်နေသော  ဦးခွန်စိုင်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“TNLA နဲ့ တွေ့ဆုံတာ မရှိသေးဘူး၊ ရှိလာမယ်လို့ မျှော်လင့်တယ်၊ အချင်းချင်း နားလည်မှုမရှိတဲ့ ကိစ္စတွေကြောင့် တွေ့ဆုံ ဖြေရှင်းနိုင်မယ် ဆိုရင် ဒီပြဿနာတွေက ပြေလည်သွားမှာပါ” ဟု  ၎င်းက ဆိုသည်။

TNLA ပြန်ကြားရေးမှူး တာအိုက်ကျော်ကမူ ၎င်းတို့အနေဖြင့်  RCSS နှင့် တွေ့ဆုံညှိနှိုင်းရန် အဆင်သင့် ဖြစ်နေသော်လည်း လုံခြုံရေးအခြေအနေအရ အဆင်ပြေသည့်နေရာတွင်သာ တွေ့ဆုံလိုသည်ဟု   ပြောသည်။

“တရုတ်ပြည်၊ ပန်ဆန်း ၊ မိုင်းလား တစ်နေရာမှာ တွေ့ဖို့ အဆင်သင့်ရှိတယ်။ သူတို့ဘက်ကလည်း ချင်းမိုင်မှာပဲ အဆင်ပြေတယ်။ ချင်းမိုင်ကျတော့ ကျွန်တော်တို့အတွက် လုံခြုံရေးအရ အခက်အခဲ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား စစ်ရေးတင်းမာမှုများ ရှိနေခြင်းကြောင့် ဒေသခံ ရွာသူရွာသား ၁၄၀၀ ကျော်ခန့် နမ္မတူ မြို့နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာသည်ဟု သိရသည်။

 “စစ်ရေးတင်းမာမှုကြောင့် သူတို့ထွက်ပြေးလာတာ၊ စုစုပေါင်း တစ်ထောင်ကျော် ၊ ထောင့်လေးရာ ငါးရာလောက်တော့ရှိမယ်၊ တစ်ပတ်အတွင်း ရောက်လာကြတာ”ဟု ရှမ်းလူငယ်အဖွဲ့ ဥက္ကဌ စိုင်းအောင်မြင့်ဦးက ဆိုသည်။

စစ်ရေးတင်းမာမှုများကြောင့် ဒေသခံပြည်သူ တိုင်းရင်းသား အချင်းချင်းများကြားထဲတွင်ပါ တစ်ဦးနှင့် တစ်ဦး သံသယ ဝင်လာမှုတွေ ရှိနေသည်ဟုလည်း စိုင်းအောင်မြင့်ဦးက ဆိုသည်။

အဆိုပါ ထွက်ပြေးလာသူ အရေအတွက်တွင် အမျိုးသမီးနှင့် ကလေးဦးရေ ထက်ဝက်ခန့်ပါဝင်ကြောင်း သိရသည်။

“ဆွေးနွေးမယ်ဆိုရင်တော့ ဝမ်းသာပါတယ်လေ၊ တကယ် အိမ်တွေပစ်ပြီး ထွက်ပြေးရတာက ကျွန်မတို့ပဲ ဆိုတော့ မြန်မြန်ပြီးချင်နေပြီ” ဟု နမ္မတူမြို့ သို့ စစ်ဘေးတိမ်းရှောင်လာသူ တစ်ဦးဖြစ်သည့် မမြတ်အေးက ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ၂၀၁၅ နိုဝင်ဘာလတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ၁၁၆ကြိမ်အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရန် ညီညွတ်ရေးတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ ကြားဝင်ဖျန်ဖြေရန် အဖွဲ့တစ်ဖွဲ့ကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ လအတွင်း ဖွဲ့စည်းပေးထားခဲ့ပြီး ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly