လုံခြုံရေးစိုးရိမ်ရသည့်အတွက် အမိုးဖွင့်ဘတ်စ်ကားနှင့် အောင်ပွဲခံမည့် အစီအစဉ်ကို ချယ်လ်ဆီးအသင်း ဖျက်သိမ်း

လုံခြုံရေးစိုးရိမ်ရသည့်အတွက် အမိုးဖွင့်ဘတ်စ်ကားနှင့် အောင်ပွဲခံမည့် အစီအစဉ်ကို ချယ်လ်ဆီးအသင်း ဖျက်သိမ်း

မေ ၂၅၊ အင်္ဂလန် ။               ။ လုံခြုံရေးအခြေအနေစိုးရိမ်ရသည်ဟု ရဲတပ်ဖွဲ့ကအကြံပေးခဲ့သောကြောင့် ပရီးမီးယားလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် အမိုးဖွင့်ဘတ်စ်ကားနှင့် မြို့ပတ်အောင်ပွဲခံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အာဆင်နယ်နှင့်ကစားရမည့် အက်ဖ်အေဖလားဗိုလ်လုပွဲအပြီး နောက်တစ်နေ့တွင် လန်ဒန်မြို့အနောက်ပိုင်း၌ မြို့ပတ်အောင်ပွဲခံရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် ပြီးခဲ့သည့်တစ်ရက်ကျော်က မန်ချက်စတာမြို့တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီး လန်ဒန်မြို့၌ အလားတူဖြစ်ရပ်မျိုးထပ်မံဖြစ်ပွားနိုင်သည့်အတွက် ရဲတပ်ဖွဲ့က အစီအစဉ်ကိုဖျက်သိမ်းရန် အကြံပေးခဲ့ခြင်းဖြစ်သည်။

မန်ချက်စတာဗုံးပေါက်ကွဲမှုတွင် ကလေးငယ်များအပါအဝင် ၂၂ ဦးအထိသေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

မန်ချက်စတာဗုံးပေါက်ကွဲမှုသည် အက်ဖ်အေဖလားဗိုလ်လုပွဲအတွက် ပြင်ဆင်နေသည့် ချယ်လ်ဆီးအသင်းသားများကို တုန်လှုပ်ခြောက်ခြားစေခဲ့ပြီး မတည်မငြိမ်ဖြစ်စေခဲ့သည်ဟု ချယ်လ်ဆီးနောက်ခံလူ ကာဟေးလ်က ပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းကဲ့သို့ပင် အာဆင်နယ်အသင်းကလည်း ၎င်းတို့၏အိမ်ကွင်း အမ်းမရိတ်တွင် အက်ဖ်အေဖလားဗိုလ်လုပွဲကို ကြီးမားသည့်ရုပ်သံဖန်သားပြင်ဖြင့် စုပေါင်းကြည့်ရှုရန် စီစဉ်ထားခြင်းကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly