တရုတ်၏ ညှိနှိုင်းပေးမှုကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တဆင့် တက်နိုင်ဟု တရုတ်သတင်းစာရေး

တရုတ်၏ ညှိနှိုင်းပေးမှုကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့တဆင့် တက်နိုင်ဟု တရုတ်သတင်းစာရေး
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)
 

မေ ၂၅ ။         ။  ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကိုတော့ မေလ ၂၄ ရက်က နေပြည်တော်မှာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပြီး မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ခုလည်း ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခံခဲ့ရပါတယ်။ ယခုဆိုရင် တရုတ်ရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့အတူ မြန်မာရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာလည်း အရေးပါတဲ့ ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားက ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှေုာင်ခဲ့ကြရသလို ၎င်းတို့ထဲက အများစုဟာ တရုတ်နိုင်ငံထဲ ဖြတ်သန်းဝင်ရောက်ရှောင်တိမ်းခဲ့ကြရပါတယ်။ အလားတူ တိုက်ပွဲတွေကနေ လမ်းကြောင်းပြောင်းဝင်လာတဲ့ ကျည်ဆန်တွေကလည်း တရုတ်အနောက်မြောက် ယူနန်ပြည်နယ်ထဲ ကျဆင်းခဲ့တာတွေ ရှိခဲ့တာကြောင့် တရုတ်ရဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ အရပ်သားတွေရဲ့ ဘေးကင်းရေးအပေါ် ခြိမ်းခြောက်လာခဲ့ရပါတယ်။ ယင်းအတွက်ကြောင့်လည်း အဆိုပါ တိုက်ပွဲတွေ ထပ်မဖြစ်စေနိုင်ဖို့အတွက်လည်း တရုတ်တို့အနေနဲ့ သက်ဆိုင်ရာ ပါဝင်ပတ်သက်နေသူတွေအကြား ကြားဝင်စေ့စပ်ပေးနိုင်ဖို့ အစွမ်းကုန်အားထုတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် Sun Guoxiang ကလည်း တနင်္လာနေ့က မြန်မာရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားမှုအပိုင်းမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့ပါတယ်။ ဒီလို စေ့စပ်ညှိနှိုင်းပေးမှုတွေဟာ   မြန်မာပြည်သူတို့ရဲ့ အကျိုးနဲ့လည်း ကိုက်ညီစေလျက်ရှိပြီး အမျိုးသားရင်ကြားစေ့ရေးကိုပါ ပိုမိုအဆင်ပြေစေနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း တရုတ်နဲ့ မြန်မာတို့ဟာ Belt and Road စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လုပ်ဆောင်နေပြီး Belt and Road စီမံကိန်းကို တည်ငြိမ်အေးချမ်းပြီး သာယာဝပြောတဲ့၊ အခွင့်အလမ်းတွေ ပွင့်လန်းနေတဲ့၊ တီထွင်ဆန်းသစ်မှုတွေနဲ့ မတူညီတဲ့ယဉ်ကျေးမှုဓလေ့တွေ ဆက်သွယ်နေတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ တည်ဆောက်   ဖော်ဆောင်သင့်တယ်လို့လည်း တရုတ်သမ္မတက ပြောထားပါတယ်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်တော့ ငြိမ်းချမ်းရေးက အဓိကကျနေမှာ ဖြစ်ပါတယ်။

မြန်မာရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကောင်းမွန်တဲ့ အခြေအနေရလဒ်တွေ ဖန်တီးနိုင်ဖို့အတွက် တရုတ်တို့ဘက်က များစွာ ကြိုးပမ်းအားထုတ်ထားသလို ဥပမာအနေနဲ့ ယင်းနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေမှာလည်း ဆွေးနွေးသွားနိုင်ရေး အကြံပြုထားပါတယ်။ တရုတ်တို့အနေနဲ့ကတော့ အငြင်းပွားကိစ္စတွေကို ညှိနှိုင်းဆွေးနွေးမှုတွေကနေတဆင့်ပဲ ဖြေရှင်းသွားမှာဖြစ်ပြီး ပြည်ပအင်အားစုရဲ့ ပါဝင်စွက်ဖက်မှုကို ဆန့်ကျင်သွားမှာ ဖြစ်ပါတယ်။

မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပေးလိုစိတ်ရော ကူညီနိုင်စွမ်းပါ တရုတ်မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ ဖွံ့ဖြိုးတိုးတက်မှုရော အမျိုးသားပြန်လည်ရင်ကြားစေ့မှုပါ အတူတူ ရရှိမှသာ ပြီးပြည့်စုံနိုင်မှာ ဖြစ်ပါတယ်။

အလားတူ မြန်မာအစိုးရရဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းမှုဇုန် ဖော်ဆောင်မှုတို့မှာ တရုတ်တို့ဘက်က တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပြီး တရုတ်က အဆိုပြုထားတဲ့ တရုတ်-မြန်မာ ရေနံပိုက်လိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး ကော်ရစ်ဒါဟာလည်း ပါဝင်သူနိုင်ငံအားလုံးအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

မြန်မာအနေနဲ့ ယင်းရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အရှိန်မြင့်စေနိုင်ဖို့အတွက် ယခု ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly