ပြည်မြို့တွင် ကလေးငယ်တစ်ဦး စွန်လွှတ်ရင်း ရေတွင်းထဲ ပြုတ်ကျသေဆုံး

ပြည်မြို့တွင် ကလေးငယ်တစ်ဦး စွန်လွှတ်ရင်း ရေတွင်းထဲ ပြုတ်ကျသေဆုံး

ပြည်၊ မေလ ၂၅ ။               ။ ပဲခူးတိုင်း ပြည်ခရိုင်၊ ပြည်မြို့တွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် စွန်လွှတ်ကစားရင်း ရေတွင်းထဲပြုတ်ကျသေဆုံးခဲ့ပြီး မေလ ၂၅ ရက်၊ မနက်ပိုင်းက အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့သည်။

“ကျွန်တော့ယောက်ဖ ရေတင်ဖို့ မော်တာသွားဆင်တော့ ဖိနပ်တွေ့တယ်။ ထပ်ဆယ်တော့ ဒညင်းလုံး(ရစ်လုံး) တွေပါ ပေါ်လာတယ်။ အဲဒါကြမှ အထဲမှာ လူကျနေလားမသိဘူး ။ မနေ့က လူပျောက်တယ်ဆိုပြီး   တော့ ရပ်ကွက်က လူတွေရော၊  သူအမေ သူ့အဖေကိုရော ခေါ်ပြီး ဆင်းတယ်။ အောက်လည်းရောက်ရော အထဲမှာ ဒူးခေါင်းကို သွားမြင်တယ်။ အဲဒါနဲ့ အဲဒီမှာကျနေပြီဆိုတာ သိတော့ ပြန်တက်လာပြီးတော့ ရဲတွေဘာတွေခေါ်ပြီးမှ ဆယ်ရတယ်”ဟု ခြံပိုင်ရှင် ကိုမြင့်ကိုက ပြောသည်။

ပြည်မြို့၊ ရွာဘဲနယ်မြေ ပွင့်လှသင်ကုန်း အရှေ့ခြမ်းမှ အသက် ၁၄ နှစ်အရွယ် မောင်သက်ဖြိုးအောင် သည် မေလ ၂၄ ရက်က ၁၁ နာရီခန့်တွင် အခြားကလေးများနှင့်အတူ စွန်လွှတ်ကစားခဲ့ပြီး    ပျောက်ဆုံးသွားခဲ့သည်။ မေလ ၂၅ ရက်မနက်ပိုင်းတွင် ဦးမြင့်ကို ခြံဝင်းအတွင်း ရှိ အနက် ၂၅ ပေ အကျယ် ၆ ပေ ခန့်ရှိ အုတ်ရေတွင်းထဲမှ ပြန်လည်ဆယ်ယူရရှိခဲ့ခြင်းဖြစ်သည်။

မနက် ၉ နာရီ အချိန်က ကလေးငယ်၏ အလောင်းကို ရဲတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်ရပ်ကွက်သားများက ပြန်လည်ဆယ်ယူခဲ့ပြီး ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ခဲ့သည်။

မောင်သက်ဖြိုးအောင်သေဆုံးမှုနှင့် ပတ်သက်ပြီး ပြည်မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁၀/၂၀၁၇ ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly