ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းမဟာမိတ်(၇)ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းမဟာမိတ်(၇)ဖွဲ့ မနက်ဖြန် တွေ့ဆုံမည်

နေပြည်တော်(မေ ၂၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့တို့ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ပြင်ပဆက်ဆံရေးဌာန အကြီးအကဲဖြစ်သူ ဦးကျောက်ကော်အန်းက မေလ ၂၅ရက်တွင် အတည်ပြု ပြောဆိုသည်။

“မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ရှိတယ်။ အကြောင်းအရာတော့ ဆွေးနွေးထားတာ မရှိသေးဘူး။ ရင်းနှီးမှု ရယူတာပေါ့” ဟု ဦးကျောက်ကော်အန်းက ပြောသည်။

ယမန်နေ့က စတင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်လာသော မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တို့  နေပြည်တော်ရှိ Horizon Lakeview Hotel တွင် ယနေ့ တွေ့ဆုံမှုအပြီး ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌ ဦးသိန်းဇော်နှင့် ငြိမ်းချမ်းရေးကော်မရှင်၏ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်တို့ တက်ရောက်ကြသလို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အခြေအနေကိုမူ ကြိုတင်ပြောဆို၍ မရသေးကြောင်းလည်း ဒေါက်တာတင်မျိုးဝင်းက မီဒီယာများကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags