ထိုင်ဝမ်တရားရုံးမှ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြု

ထိုင်ဝမ်တရားရုံးမှ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြု

 တိုင်ပေ မေ ၂၅ ။              ။ ထိုင်ဝမ်နိုင်ငံ၏ အခြေခံဥပဒေခုံရုံးက လိင်တူချစ်သူစုံတွဲများကို လက်ထပ်ခွင့်ပိတ်ပင်ခြင်းသည် အခြေခံဥပဒေ နှင့် ကိုက်ညီခြင်းမရှိဟု ဗုဒ္ဓဟူးနေ့တွင် အမိန့်ချမှတ်ခဲ့သောကြောင့် ထိုင်ဝမ်နိုင်ငံသည် လိင်တူချစ်သူများကို တရားဝင်လက်ထပ် ထိမ်းမြားခွင့်ပြုသည့် ပထမဦးဆုံး အာရှနိုင်ငံဖြစ်လာတော့မည် ဖြစ်သည်။

လိင်တူချစ်သူများကို အခွင့်အရေးပိတ်ပင်ထားသော လက်ရှိဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိဟု အမိန့်ချမှတ်ခဲ့ပြီး လာမည့် ၂နှစ်အတွင်း ထိုအမိန့်ကို ပြင်ဆင်သွားမည်ဟု ခုံရုံးအတွင်းရေးမှူး လူတိုင်လန် က သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။

ဝါရင့် လိင်တူချစ်သူအခွင့်အရေး လှုပ်ရှားသူ ချီချီရာဝေနှင့် တိုင်ပေမြူနီစပယ်အစိုးရတို့၏ အသနားခံစာကို အခြေခံ၍ နိုင်ငံတော်တရားရုံးချုပ်မှ တရားသူကြီး ၁၄ဦးက လက်ရှိ လက်ထပ်ထိန်းမြားမှုဥပဒေသည် အခြေခံ ဥပေဒနှင့် ကိုက်ညီမှုရှိမရှိဆိုသည့် မေးခွန်းများကို တုံ့ပြန်ကာ ကြေညာချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ခုံရုံးမှ အမိန့်ချမှတ်ခဲ့ပြီးနောက်တွင် ချီက ၁၆နှစ်ကျော်ကြာ မြိုသိပ်ထားခံရသော သူ၏စိတ်ကူးအိပ်မက်များ သည် လက်တွေ့တွင် အမှန်တကယ်ဖြစ်လာပြီဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော်လည်း အခြားတစ်ဖက်တွင် ဘာသာရေးနှင့် ရှေးရိုးစွဲအဖွဲ့များက ဂျူရီအဖွဲ့၏ဆုံးဖြတ်ချက်ကို တုံ့ပြန် သည့် အနေဖြင့် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ထိုအမိန့်သည် တရုတ်ထုံးတမ်းအစဉ်အလာ၊ မိသားစုနှင့် လူ့ကျင့်ဝတ် များကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

သို့သော်လည်း ထိုင်ဝမ်ခေါင်းဆောင်Tsai Ing-wen နှင့် လက်ရှိအုပ်ချုပ်နေသော ဒီမိုကရက်တစ်တိုးတက်ရေး ပါတီမှ ဥပဒေသမားများက လိင်တူချစ်သူများ လက်ထပ်ခွင့်ကို ထောက်ခံခဲ့ကြသည်။

၂၀၁၆ခုနှစ် အနှောင်းပိုင်းတွင် လွှတ်တော်ထဲ၌ လိင်တူလက်ထပ်ခွင့် ဥပဒေမူကြမ်းကို အဆိုပြုခဲ့သော်လည်း ထိုင်ဝမ်ကျွန်းပေါ်၌ ထိုအဆိုကိုဆန့်ကျင်သော ဆန္ဒပြမှုများပေါ်ထွက်လာကာ အဆိုပါအရေးကိစ္စနှင့် ပက်သက်၍ ကွဲပြားသော အမြင်များရှိနေခဲ့ကြသည်။

ရှေးရိုးစွဲအဖွဲ့အစည်းများက ယခုလိုဆုံးဖြတ်မည့်အစား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ရန် တောင်းဆိုခဲ့ကြပြီး လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုလိုက်ခြင်းကြောင့် အနှုတ်လက္ခဏာဆောင်သော အကျိုးဆက်များရှိလာ မည်ဟု သတိပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly